ကင်ဆာရောဂါကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ

ကင်ဆာရောဂါကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည် ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး    ဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါ ဘယကင်းဝေးရေးတို့ကို အခြေခံကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေးလုပ်ငန်းများ ဟန်ချက်ညီညီ တိုးတက် အောင်  ဆက်စပ်သောဝန်ကြီးဌာနများ၊  နေပြည်တော်ကောင်စီ၊   တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့်လက်တွဲကာ  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်အရ ကင်ဆာရောဂါသည် သေဆုံးမှုများတွင် ဒုတိယအများဆုံး ရောဂါဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ သေဆုံးသူ ၉ ဒသမ ၆ သန်းခန့်အထိရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ကင်ဆာရောဂါဆိုသည်မှာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတစ်ခုခု၌    ပုံမှန်မဟုတ် သော ဆဲလ်များ   ပုံမှန်မဟုတ်ကြီးထွားပျံ့နှံ့မှုကြောင့်   ဖြစ်ပေါ်လာသည့်ရောဂါဖြစ်ပါသည်။

ကင်ဆာရောဂါအမျိုးအစားအမျိုးမျိုးရှိသည့်အနက် ကုသ၍ပျောက်ကင်းသော ရောဂါများရှိသကဲ့သို့ ရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူခြင်းဖြင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ကာ ရောဂါကို သက်သာပျောက်ကင်းမှု ပိုမိုကောင်းမွန်စေနိုင်ပါသည်။ ကင်ဆာရောဂါကိုကုသရာတွင် ကင်ဆာ အလုံး အကျိတ်များကို    ခွဲစိတ်ကုသမှုဆောင်ရွက်ခြင်း၊ ဆေးသွင်းကုသမှုပေးခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ပေးခြင်း၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို အသုံးပြု၍ သိုင်းရွိုက်ကင်ဆာကုသခြင်းတို့အပြင် စိတ်ပိုင်း ဆိုင်ရာ အားပေးကုသမှု၊ ကင်ဆာကြောင့် နာကျင်မှုဝေဒနာ သက်သာစေရေးကုသမှုတို့လည်း    ပါဝင်ပါ သည်။ ရောဂါဖြစ်ပွားသည့်နေရာ၊ ရောဂါပျံ့နှံ့မှု၊ ရောဂါအဆင့်တို့ပေါ်မူတည်၍ ကင်ဆာ ရောဂါ ကုသမှုများကို ရွေးချယ်ဆောင်ရွက်ရပါသည်။

မြန်မာနိုင်ငံတွင်လည်း ကင်ဆာရောဂါသည် သေဆုံးမှု အများဆုံးရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဖြစ်အများဆုံး ရောဂါများအနေဖြင့် ခံတွင်း၊ လည်ချောင်းနှင့် ဦးခေါင်းပိုင်းဆိုင်ရာ ကင်ဆာရောဂါ၊ အဆုတ်ကင်ဆာ၊ သားအိမ်နှင့်သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီး (ဝမ်းအိမ်) ကင်ဆာ များဖြစ်သည်ဟု သိရှိရပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကုသရေးလုပ်ငန်းများ တိုးတက်စေရေးဆောင်ရွက်ရာ၌ ကင်ဆာရောဂါ ကုသရေးလုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ကင်ဆာရောဂါ ကုသရေးဆေးဝါးများကို လုံလောက်စွာဝယ်ယူကာ ပြည်သူ့ဆေးရုံ များ၌ လူနာများအား ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဓာတ်ရောင်ခြည်ကုသမှုနှင့် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်း များကို နှစ်စဉ်ဝယ်ယူ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ပြည်တွင်းပညာရှင်များအား ပြည်ပသို့ လေ့လာရေး စေလွှတ်ခြင်း၊ ပြည်ပပညာရှင်များဖိတ်ကြား၍ နည်းပညာဖလှယ်ခြင်း၊ ပြည်တွင်း၌ ကင်ဆာရောဂါကုသမှုဆိုင်ရာ ဆေးပညာရှင်များနှင့် အထောက်အကူပြု ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများ    လေ့ကျင့်မွေးထုတ်ခြင်း၊ စဉ်ဆက်မပြတ်  ပညာသင်ကြားရေးအစီအစဉ်များ    စီစဉ်ဆောင် ရွက် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများတွင်   ကင်ဆာဆေးပညာဆိုင်ရာ    အထူးကုဆရာဝန်ကြီးများကို တာဝန်ချထားကာ ကင်ဆာရောဂါကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသလို ဘာသာရပ်အလိုက် အထူးကု ဆရာဝန်ကြီးများက ကင်ဆာရောဂါအတွက် လိုအပ်သော ခွဲစိတ်ကုသမှုများအပြင် ကင်ဆာ ရောဂါလူနာများအား   ဆေးသွင်းကုသမှုများကို  ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊      နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့ -  စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတို့၌ ဓာတ်ရောင်ခြည်ဖြင့်ကုသစက် (Linear Accelerator-LA) ရှစ်လုံး၊ Cobalt စက် နှစ်လုံး၊  ဓာတ်အပ်စိုက် ကုသမှု/အတွင်း ဓာတ်ရောင်ခြည်ကုသမှု (Brachytherapy) စက်လေးလုံးတို့ဖြင့် ကင်ဆာ လူနာများ အတွက် ဓာတ်ရောင်ခြည်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရောဂါ တိကျစွာ ရှာဖွေနိုင်ရေး အတွက် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့်ကုသရေးဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး      (ခုတင်-၁၀၀၀) တို့၌ ဖွင့်လှစ်ထားရှိကာ SPECT/ CT (Single Photon Emission Computed Tomography scan with a Computed Tomography – CT scan) စက်တစ်လုံးစီ  တပ်ဆင်ထားရှိပြီး  အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေ ပေးခြင်း၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း တိုက်ကျွေး၍ သိုင်းရွိုက် ကင်ဆာကုသခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာ ရောဂါ ပျံ့နှံ့မှုကို စိစစ်ပေးသည့်စက် (PET/CT – Positron Emission Tomography scan with a Computed Tomography – CT scan) ကိုပါ တပ်ဆင်ထားရှိပြီး အဆိုပါစက်အတွက် လိုအပ်သော ရေဒီယို သတ္တိကြွဓာတ်ပစ္စည်းဆေးရည်  18F-FDG (Fludeoxyglucose 18 F)  ထုတ်လုပ်သည့် Cyclotron စက်ကိုလည်း တပ်ဆင်ထားရှိပါသည်။ ကင်ဆာရောဂါလူနာများ၏ နာကျင်မှုဝေဒနာ ကုသရေးအတွက် ဆေးခန်း (Pain clinic)  များကိုလည်း ဖွင့်လှစ်ထားရှိကာ  ကင်ဆာရောဂါ ကုသမှုအတွက်  နေထိုင် စားသောက်ရေး လိုအပ်ချက်များရှိပါက လူမှုရေးဆိုင်ရာ ကူညီမှုများ ရရှိနိုင်ရေး အတွက်ဆေးလူမှု ဆက်ဆံရေးဌာနများမှ လူမှုရေးအသင်းအဖွဲ့များ၊ ကင်ဆာဖောင်ဒေးရှင်းများနှင့် ချိတ်ဆက်ကာ ကူညီ‌ဆောင်ရွက် ပေးလျက်ရှိပါသည်။

ထို့ပြင် ကလေးကင်ဆာ ရောဂါဝေဒနာရှင်များအတွက် ရန်ကုန်နှင့် မန္တလေးရှိ ကလေးရောဂါ     အထူးကု ဆေးရုံများ၌ ကလေးသွေးနှင့် ကင်ဆာရောဂါကုသရေးဌာနများ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်၊ မန္တလေး မြို့တို့၌သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံကြီးများနှင့်ချိတ်ဆက်ကာ ကုသမှုဆိုင်ရာ အကြံပြုချက် များ ပေး၍ ကုသပေးလျက်ရှိပါသည်။

ပြည်သူ့ဆေးရုံကြီးများ၌ ရုံးပိတ်ရက်များတွင်ပါ ကုသမှုဆောင်ရွက် ပေးလျက်ရှိ

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်အတွင်း ကင်ဆာဆေးသွင်းကုသမှု ၂၆၄၅၉ ကြိမ်၊ ဓာတ်ရောင်ခြည် ကုသမှု လူနာပေါင်း ၂၄၉၄ ဦး၊ အကြိမ်ပေါင်း ၅၀၂၇၅ ကြိမ်၊ ဓာတ်အပ်စိုက်လူနာ ၄၂၃ဦး၊ ရေဒီယို သတ္တိကြွအိုင်အိုဒင်းတိုက်ကျွေးမှု  ၄၀၀ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၂၁၆၈ ဦးနှင့် ၂၀၂၃ ခုနှစ် မေလမှ ဒီဇင်ဘာလအတွင်း PET/CT ဖြင့် ရိုက်ကူးမှု ၇၇၀ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။    ဓာတ်ရောင်ခြည်ကုသမှုများကို  စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင်  အိန္ဒိယနိုင်ငံမှ လှူဒါန်းသော  ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (Bhabhatron)ကို တပ်ဆင်ထား ရှိပြီး ဖြစ်သဖြင့် မကြာမီ စတင်အသုံးပြုနိုင်မည်ဖြစ်ရာ နေ့စဉ် ပျမ်းမျှလူနာ ၃၀၀ ဦးမှ ၃၅၀ ဦးအထိ ရိုက်ကူး ပေးနိုင်တော့မည်ဖြစ်ပါသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်၌ ကင်ဆာဆေးသွင်းကုသမှု ၂၅၄၅၅ကြိမ်၊ ဓာတ်ရောင်ခြည် ကုသမှု  ၂၉၁၁၂ကြိမ်၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတိုက်ကျွေးမှု ၂၃၅ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု  ၂၄၁ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဓာတ်ရောင်ခြည်ကုသမှုများ ကို စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ၂၀၂၃ ခုနှစ်အတွင်း ကင်ဆာဆေးသွင်းကုသမှု ၁၀၇၆၉ ကြိမ်၊ ဓာတ်ရောင်ခြည်ကုသမှု  ၂၁၂၂၆ ကြိမ်၊  ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတိုက်ကျွေးမှု  ၉၆ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၁၉၅ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဓာတ်ရောင်ခြည် ကုသမှုများကို စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။

စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်၌ ကင်ဆာဆေးသွင်းကုသမှု ၅၈၀၁ကြိမ်၊ ဓာတ်ရောင် ခြည်ကုသမှု   ၉၇၅၄ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပြင်ပလူနာ ကြည့်ရှုမှုများကို   ရုံးဖွင့်ရက်များတွင် နေ့စဉ် ဖွင့်လှစ်ကုသပေးလျက်ရှိပြီး ဓာတ်ရောင်ခြည်ကုသမှုများကို တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ်အတွင်း ကင်ဆာဆေးသွင်းကုသမှု ၇၉၄၃ ကြိမ်၊  ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတိုက်ကျွေးမှု ၁၁၄ ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု  ၅၄၇ ဦး၊ ၂၀၂၄ ခုနှစ်တွင်  မတ်လအထိ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတိုက်ကျွေးမှု  ၅၅  ဦး၊ SPECT/CT ဖြင့် ရိုက်ကူးမှု ၂၂၂ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အမျိုးသားကင်ဆာကုသရေးဌာန ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနသည် လူနာများ  ဓာတ်ရောင်ခြည်ဖြင့်  ကုသမှုစောင့်ဆိုင်းချိန် သက်သာစေရေး အတွက် ကင်ဆာရောဂါ ကုသရေး လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျက် ရှိသော အမျိုးသား ကင်ဆာကုသရေးဌာနကို ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းစတင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ပုဂ္ဂလိကဆေးရုံများ၌လည်း သတ်မှတ် စံချိန် စံညွှန်းများနှင့် အညီ ဓာတ်ရောင်ခြည်ကုသစက်များ  တပ်ဆင်ခွင့်ပြု ပေးလျက်ရှိရာ ရန်ကုန်တွင် ပုဂ္ဂလိကဆေးရုံ သုံးရုံ၊ နေပြည်တော်တွင် တစ်ရုံ၊ မန္တလေးတွင် တစ်ရုံ ခွင့်ပြုကာ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများ ဆောင်ရွက် လျက်ရှိပါသည်။

စောစီးစွာကုသမှု ခံယူသင့်

ပြည်သူများအနေဖြင့်လည်း ကင်ဆာရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်မှုများကို ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ရောဂါဖြစ်ပွားမှုများ များပြားလာသော်လည်း ကုသမှုများလည်း တိုးတက်လျက်ရှိပြီး ကင်ဆာရောဂါအများအပြားကို ဓာတ်ရောင်ခြည်ကုသမှုဖြင့် သက်သာ ပျောက်ကင်းနိုင်ခြင်းကြောင့် ရောဂါဖြစ်ပွားပါက စောစီးစွာကုသမှုခံယူရန်၊ ကုသမှုကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ဆေးမြီးတိုဖြင့် ကုသပါက အချိန်ကုန်ပြီးရောဂါ မလွန်သင့်ဘဲ လွန်စေတတ်၍ အသက်ဆုံးရှုံးနိုင်သည်ကို သတိပြုသင့်ပါသည်။ ဓာတ်ရောင်ခြည်ကုသမှုသည် ဓာတ် ရောင်ခြည်ဖြင့် ကင်ဆာကလာပ်စည်းများကို တိုက်ခိုက်ဖျက်ဆီးသည့်ကုသမှုဖြစ်ပြီး ဓာတ်ရောင်ခြည် ဖြင့် ကုသရာတွင် ခန္ဓာကိုယ်ပေါ်သို့ ဓာတ်ရောင်ခြည် ထိရောက်သောအချိန်မှာ သာမန်အားဖြင့် စက္ကန့် အနည်းငယ်မှ မိနစ်အနည်းငယ်သာကြာပြီး နာကျင်မှုခံစားရခြင်းမရှိပါ။ တချို့လူနာများတွင် အရေပြား အပူလောင်ခြင်း ဖြစ်ပေါ်တတ်သော်လည်း ကုသမှုပြီးဆုံးပြီး နှစ်ပတ်မှ လေးပတ်အတွင်း သက်သာ ပျောက်ကင်းပါသည်။   

နိုင်ငံတော်အစိုးရကလည်း ပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများ၊ ကင်ဆာ ဆေးဝါးများကို ကုန်ကျစရိတ်မရှိဘဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါး၍ ပြည်သူများ ရောဂါဘယ ကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်း လိုက်ရပါသည်။

ဒေါက်တာသက်မွန်သန်း