ဂျိုးဘိုင်ဒင်လက်ထက် အဆုံးသတ်သွားနိုင်သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ

အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် အဆိုးရွားဆုံးအနေအထားသို့ ရောက်ရှိပြီး ကုန်သွယ်ရေးစစ်ပွဲအသွင်ဆောင်ခဲ့သော်လည်း ဂျိုးဘိုင်ဒင်လက်ထက် နှစ်နိုင်ငံဆက်ဆံရေး အလားအလာများ အကောင်းဘက်ကို ဦးတည်လာသည်။

ဂျိုးဘိုင်ဒင်က တရုတ်အစိုးရကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်  ကြိုးစားမည်ဟုဆိုထားသည့်အတွက်  ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ရေးအတွက် တရုတ်ဘက်ကလည်း မီးစိမ်းပြလိုက်ပြီဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်က ပေကျင်း၌ ကျင်းပသည့်  နိုင်ငံတကာဆက်ဆံရေး ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယီက  အမေရိကန်နှင့်တရုတ်ကြား   ကောင်းမွန်သည့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန် တရားဝင်တောင်းဆိုလိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးခံစားနေရချိန်တွင်  နိုင်ငံအများစု စီးပွားရေး ကျဆင်းနေသော်လည်း တရုတ်စီးပွားရေးက ၅ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းကြား၌ တည်ငြိမ်သည့် တိုးတက်မှုအဖြစ် ရပ်တည်နေသည်။ သို့သော် အမေရိကန်၌ လူခြောက်ဦးလျှင်တစ်ဦးမှာ ဆာလောင်မှုဒဏ်ကို ခံစားနေရပြီး  စီးပွားရေးကျဆင်းမှုကလည်း ၅ ရာခိုင်နှုန်းအထိရှိမည် ဖြစ်သည့်အတွက် အမေရိကန်စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် ရုန်းထနိုင်ရန် ကုန်သွယ်ရေးကို  အဓိကဦးစားပေးရမည်ဖြစ်သည်။

ထို့ကြောင့် တရုတ်နှင့် ကုန်သွယ်ရေးမညီမျှမှုမည်မျှပင်ဖြစ်နေစေကာမူ ဂျိုးဘိုင်ဒင်က အမေရိကန်နိုင်ငံ၏စီးပွားရေးကို ပြန်လည်တည်ဆောက်ပေးမည်ဟု ကတိပြုထားသည့်အတွက်   ကုန်သွယ်ရေးနှင့်ပတ်သက်၍ မဖြစ်မနေ သဘောတူညီမှုရယူရမည် ဖြစ်သည်။  တရုတ်နှင့်  ကုန်သွယ်ရေးစစ်ပွဲဖြစ်ပြီးနောက်ပိုင်း  အခွန်တိုးမြှင့်ကောက်ခံ ခဲ့သောကြောင့် အမေရိကန်ဈေးကွက်၌ တရုတ်ပို့ကုန်များ    ဈေးနှုန်းကြီးမြင့်ခဲ့ကာ နေ့စဉ်သုံးပစ္စည်းများလည်း ဈေးတက်သွား ခဲ့သည်။

အမေရိကန်၌ နေ့စဉ်သုံးပစ္စည်းအများစုက တရုတ်နိုင်ငံမှ တင်သွင်းနေရသည့်အတွက် အခွန်တိုးမြှင့်လိုက်ချိန်တွင်   အမေရိကန်ပြည်သူများ ကုန်ဈေးနှုန်းမြင့်တက်မှုကို ခံစားခဲ့ရသည်။

ထရမ့်သည် တရုတ်သာမက ဥရောပသမဂ္ဂ၊ ကနေဒါ၊ မက္ကဆီကိုတို့ကိုပါ အခွန်တိုးမြှင့်မှုများ ပြုလုပ်ခဲ့သည့်အတွက် အမေရိကန် မဟာမိတ်ဆိုသည့်   အသိုက်အမြုံပျက်စီးလုနီးပါးအထိ ဖြစ်ခဲ့၍  ဂျိုးဘိုင်ဒင်လက်ထက်တွင်  ပြန်လည်တည်ဆောက်ရေးကို  ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်  ထရမ့်ဘက်က တရားရုံးချုပ်သို့   ဦးတည်လျှောက်ထားသည့် ပြည်နယ်လေးခုမှ မဲများရေတွက်ရေး ကိစ္စရပ်မှာ ပယ်ချခံလိုက်ရသည့်အတွက် ရွေးကောက်ပွဲအလွန်တွင် ထရမ့်အောင်နိုင်ရေးတရားစွဲမှုများက အဆုံးသတ်လုနီးပါး ဖြစ်လာသည်။ တရားရုံးချုပ်သို့ ဦးတည်လျှောက်ထားသည့် အမှုကို ရီပတ်ပလီကန် တရားသူကြီးချုပ်ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး အမတ် ၁၂၆ ဦးအထိ ထောက်ခံခဲ့ကြသည်။

ထို့ကြောင့် ဂျိုးဘိုင်ဒင်အတွက် အလှည့်အပြောင်းများပင် ဖြစ်လာနိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာခဲ့သော်လည်း ယခုထိုပြဿနာအားလုံး ပြီးစီးလုနီးပါးဖြစ်သွားသည်။ ထရမ့်က ယခုအချိန်ထိ တရားဝင်ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဆောင်ရွက်ပေးရန် မည်သည့်စကားသံမျှ မထွက်လာသေးဘဲ  ရီပတ်ပလီကန်တို့ဘက်ကလည်း မည်သည့်မှတ်ချက်မျှ  ထွက်ပေါ်မလာသေးပေ။

ရီပတ်ပလီကန်တို့ဘက်က   ထရမ့်ကို နောက်ထပ်သမ္မတသက်တမ်းတစ်ခုအထိ ထပ်မံစောင့်ကြည့်ရန်  ဆန္ဒရှိပုံပေါ်သည်။

ထို့ကြောင့်   ပညာတတ်ပါသည်ဆိုသော ရီပတ်ပလီကန်ပါတီမှ ထိပ်ပိုင်းပုဂ္ဂိုလ်များပင် ထရမ့်ကိုထောက်ခံခဲ့ကြပြီး ရွေးကောက်ပွဲလွန် အောင်နိုင်ရေးဆိုသော အစဉ်အလာမရှိသည့် တရားစွဲမှုများပင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့်ပင် လင်ကွန်းပရောဂျက်ထွက်ပေါ်လာခဲ့ပြီး ထရမ့်မဲမပေးရေးလှုပ်ရှားမှုများ ဖြစ်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ ထူးခြားချက်က ရီပတ်ပလီကန်များကိုယ်တိုင် ဘက်ပြောင်းပြီး ဂျိုးဘိုင်ဒင်ကိုမဲပေးရေး လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံး ထရမ့်အစိုးရအဖွဲ့တွင် အလုပ်လုပ်နေပြီး ဂျိုးဘိုင်ဒင်ကို မကြိုက်သူများပင်  မဲပေးမှုများ ရှိခဲ့သည့်အတွက် ထရမ့်ကို သန်း ၇၀ မဲပေးခဲ့ကြသော်လည်း ဂျိုးဘိုင်ဒင်ကိုရှုံးခဲ့ခြင်း ဖြစ်သည်။     ပုံမှန်အတိုင်းဆိုလျှင်     အမေရိကန်ပြည်သူ သန်း ၇၀ မဲပေးသည် ဆိုသည်မှာ စံချိန်တင်မဲပေးမှုတစ်ခုအဖြစ်    သတ်မှတ် နိုင်ပြီး အိုဘားမား၏ ၂၀၀၈ ခုနှစ်နာမည်ကျော်မဲမှာ ၆၉ သန်းသာရှိခဲ့သည်။

ထောက်ခံသူများသော အိုဘားမားထက် ထရမ့်က   မဲရရှိမှုတစ်သန်းပိုများခဲ့ကာ ဂျိုးဘိုင်ဒင်က ၇၆ သန်းဟူသော စံချိန်တင်မဲဖြင့်  အနိုင်ရခဲ့ခြင်းဖြစ်သည်။  ၂၀၂၀အမေရိကန်ရွေးကောက်ပွဲက   လက်ဝဲ၊ လက်ယာယှဉ်ပြိုင်မှုထက် အမျိုးသားရေးဝါဒနှင့်  ဒီမိုကရေစီအားပြိုင်မှုဟုဆိုလျှင် ပိုမှန်သည်။

ထရမ့်က အမျိုးသားရေး ကြွေးကြော်သံအဖြစ်  အမေရိကန်က ပထမဟူ၍ ထပ်မံကြွေးကြော်ခဲ့သော်လည်း   ဂျိုးဘိုင်ဒင်က ကမ္ဘာ့ရေးရာ    မဟာမိတ်ဒေါက်တိုင်များ ပြန်လည်စိုက်ထူပြီး အမေရိကန်ကို ကမ္ဘာ့နံပါတ်တစ်အဖြစ် ပြန်လည် ထူထောင်နိုင်မည့်   ဗျူဟာများခင်းပြခဲ့သည့်အတွက် လူကြိုက်ပိုများခဲ့ခြင်းဖြစ်သည်။ ထရမ့်၏ အဓိကအားနည်းချက်က ကမ္ဘာလုံးဆိုင်ရာ အမေရိကန်အခန်းကဏ္ဍကို   ပိုမိုမှေးမှိန်သွားစေခြင်းဖြစ်ပြီး တရုတ်နှင့်အဆင်မပြေသော်လည်း တကယ်တမ်း ထရမ့်ကြောင့် အမြတ်ရရှိခဲ့သူက တရုတ်ဖြစ်နေသည်။

ကမ္ဘာ့ရာသီဥတုတိုက်ဖျက်ရေးတွင် ထရမ့်က အမေရိကန်ကို ဆွဲထုတ်ခဲ့သည့်အတွက် တရုတ်က အလိုအလျောက် ဦးဆောင်သူဖြစ်လာသည်။ ထရမ့်က အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များကို ဆွဲထုတ်နေချိန်တွင် တရုတ်က အာဖဂန်၌ ခြေကုတ်ယူနိုင်ရန် စစ်စခန်းများပင်   တည်ဆောက်နေသည့်အပြင် တစ်ပြိုင်တည်းမှာပင်   ပိုးလမ်းမစီမံကိန်း အတွက်လည်း  အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီချက်များ ထပ်မံရယူနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်  အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြန်သည်။

ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေးအတွက် တရုတ်က  အာဖရိကတိုက်သို့   အဓိကအကူအညီပေးသူဖြစ်ခဲ့ပြန်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်သို့လည်း ဆေးအဖွဲ့များ စေလွှတ်ပေးခဲ့သည်။ ထို့ပြင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များကိုလည်း အွန်လိုင်းအစည်းအဝေးများ မှတစ်ဆင့် တရုတ်ပညာရှင်များက တိုက်ရိုက်ညွှန်ကြား ခဲ့သည့်အတွက် ဗိုင်းရပ်ကာလမှာပင် တရုတ်၏သြဇာသက်ရောက်မှု ထပ်မံမြင့်တက်လာခဲ့သည်။ ထိုအချိန် အမေရိကန်၌  အလယ်အလတ်တန်းစားများပင်  ကားအကောင်းစားများစီးပြီး အစားအသောက်ဝေသည့် နေရာ၌ တန်းစီနေရသည်။

ထို့ကြောင့် တရုတ်နှင့် ပုံမှန်ကုန်သွယ်ရေး၊ ဥရောပသမဂ္ဂနှင့် မဟာမိတ်တည်ဆောက်ရေး၊ ကမ္ဘာ့ရာသီဥတု တိုက်ဖျက်ရေးတွင်   ထပ်မံဦးဆောင်ရေးတို့သည် ဂျိုးဘိုင်ဒင်အတွက် အဓိက အရေးပါလာသည်။  အလားတူ  အခွန်မူဝါဒသစ်များ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာရန်ရှိနေပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ဂျိုးဘိုင်ဒင်က ၎င်း၏အစိုးရ အဖွဲ့ဝင်များကို   တရားဝင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။                

Ref;CNN

ရှိန်းထက်