အရေပြားပြဿနာနှင့် ကာကွယ်ရန်နည်းလမ်းများ

အရေပြားပြဿနာနှင့် ကာကွယ်ရန်နည်းလမ်းများ

အရေပြားပြဿနာတွေအနေနဲ့ ဝက်ခြံပေါက်တာကစပြီး ဓာတ်မတည့်မှုနဲ့ အဆိုးရွားဆုံး ကင်ဆာရောဂါ အထိဖြစ်နိုင်တယ်။ ဝက်ခြံပျောက်ကင်းအောင် နွားနို့ရှောင်သင့်ပါတယ်။ အမေရိကန်နိုင်ငံ ဟားဗက်လူမှု  ကျန်းမာရေးတက္ကသိုလ်မှ လေ့လာမှုအရ  နွားနို့သောက်တာက  ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံ ပေါက်တာနဲ့ ဆက်စပ်မှုရှိတယ်လို့သိရပါတယ်။ မလိုင်အပြည့်ပါဝင်တဲ့ နို့ သို့မဟုတ် မလိုင်ထုတ် ထားတဲ့ နို့နှစ်မျိုးစလုံးက ဝက်ခြံပေါက်နိုင်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် နွားနို့မှာပါဝင်တဲ့ ဟော်မုန်းကြောင့်လို့   သုတေသီတွေက မှန်းဆကြပါတယ်။  ဝက်ခြံပေါက်လွယ်သူဖြစ်ရင် နွားနို့နဲ့နို့ထွက် ပစ္စည်းတွေကိုရှောင်ကြဉ်ပြီး  ပဲပိစပ်၊  ငါးသေတ္တာနဲ့ သဖန်းသီးလိုမျိုး ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစား အစာကို ပိုစားသင့်ပါတယ်။

အပူလောင်ဒဏ်ရာ မြန်မြန်သက်သာအောင် အစားအသောက်ကို ရွေးချယ်သင့်ပါတယ်။ လျှာအပူ လောင်ရင် ရေအေးအေးနဲ့ ငါးမိနစ်၊ ၁၀ မိနစ်လောက် နာကျင်တာသက်သာတဲ့အထိ  ပလုတ်ကျင်း ပေးသင့်ပါတယ်။

မျက်နှာပေါ်က အရေးကြောင်းတွေနဲ့နေပူလောင်ဒဏ်ရာတွေ ပျောက်ကင်းစေဖို့ လေဆာကုထုံးခံ ယူသင့်ပါတယ်။ လေဆာကုထုံးက အလွန်ဆိုးရွားတဲ့ဝက်ခြံတွေကိုကုသတဲ့နေရာမှာ အသုံးပြုတာ များပါတယ်။

လေဆာကုထုံးက အရေပြားရဲ့အောက်ဆုံးအလွှာထိ ရောက်ရှိနိုင်ပြီး အဆီထုတ်လုပ်မှု တားမြစ်နိုင်တဲ့ အတွက်   ဝက်ခြံမထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင်လေဆာကုထုံးကြောင့်   ကုသမှုခံယူတဲ့ နေရာမှာ ကော်လာဂျင်အသစ်တွေ ဖြစ်ပေါ်လာတဲ့အတွက် အရေပြားချောမွတ်ပြီး ဝင်းလက်လာနိုင် ပါတယ်။

အပူလောင်ဒဏ်ရာ မြန်မြန်သက်သာအောင် အရည်များများသောက်ပြီး အရက်၊ ကော်ဖီ၊ လက်ဖက် ရည်နဲ့ ကိုလာကို ရှောင်သင့်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကောင်းမွန်အောင် ဗီတာမင်အေ၊ ဗီတာ မင်စီ နဲ့ဗီတာမင်အီး မှီဝဲသင့်ပါတယ်။

ကော်လာဂျင်ဆိုတာက အရေပြားအတွင်းလွှာထဲက ပရိုတင်းတစ်မျိုးဖြစ်ပြီး အနာနဲ့ မီးလောင် ဒဏ်ရာတွေ အကျက်မြန်ဖို့ကူညီနိုင်ပါတယ်။ ပိုတက်စီယမ်ရရှိအောင် ငှက်ပျောသီးစားတာ၊ ဟင်းသီး ဟင်းရွက်ဟင်းရည်သောက်တာတွေ ပြုလုပ်သင့်ပါတယ်။ ကယ်လ်စီယမ်ရရှိဖို့ နွားနို့၊ နို့ထွက်ပစ္စည်း၊ တိုဟူးနဲ့ နှမ်းစေ့စားသင့်ပါတယ်။

အသားခြောက်တာအတွက် ရှားစောင်းလက်ပပ် အသုံးပြုသင့်ပါတယ်။ အသားခြောက်သူအတွက် ရှားစောင်း လက်ပပ်ကအလှအပဆိုင်ရာ အကောင်းဆုံးကုသမှု ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လ်ရဲ့ အစိုဓာတ်က တန်ဖိုးရှိတဲ့အရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံ မေးရိုးဆေးခန်း (Mayo Clinic) ရဲ့လေ့လာမှုအရ  အတည်ပြုခဲ့ပါတယ်။

ကလေးငယ်တွေ နှင်းခူရောဂါမဖြစ်အောင်ကာကွယ်ဖို့ ငါးအဆီမှီဝဲသင့်ပါတယ်။ သြစတြေးလျမှ  ဓာတ်မတည့်မှု မျိုးရိုးရှိသူ ကိုယ်ဝန်ဆောင် ၇၀၀ ကျော်ကိုလေ့လာမှုပြုရာမှာ ငါးအဆီမှာပါဝင်တဲ့ ဖက်တီးအက်စစ်က အချင်းကနေတစ်ဆင့် သန္ဓေသားဆီကို ရောက်ရှိနိုင်တဲ့အတွက် ကလေးငယ်ရဲ့ အရေပြားအတွင်း ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် မိမိမှာ နှင်းခူ သို့မဟုတ် ဓာတ်မတည့်မှုဖြစ်စဉ်ဖြစ်တဲ့ မိသားစုရာဇဝင်ရှိနေရင် ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ငါးကြီးဆီ (Fish oil)သောက်သင့်ပါတယ်။

အဝတ်အထည် ပျော့ဆေးကို ရှောင်ကြဉ်သင့်ပါတယ်။ မိမိမှာ နှင်းခူရောဂါရှိရင် အဝတ်လျှော်ရာမှာ ပျော့ဆေး မသုံးသင့်ပါဘူး။ ပျော့ဆေးက အဝတ်မှာ စွဲကျန်နေပြီး  အရေပြားကိုထိခိုက်နိုင်တာကြောင့် နှင်းခူကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

တိပ်ကပ်ပေးနိုင်ပါတယ်။ ကိုယ့်မှာအသားမာနဲ့ကြွက်နို့ရှိရင် ရေနွေးနဲ့စိမ်ပြီး ကြေးတွန်းကျောက်တုံးနဲ့ ပွတ်ပြီး တိပ်ကပ်ထားသင့်ပါတယ်။ တစ်ပတ်တစ်ခါ တိပ်အသစ်လဲသင့်တယ်။ လေ့လာမှုအရ ၁၀ ယောက် မှာ ခုနစ်ယောက်က လေးပတ်အကြာမှာ ပျောက်ကင်းသွားတယ်လို့ သိရတယ်။ ကြွက်နို့ သို့မဟုတ် အရေပြားမှာ ပြဿနာမပေါ်ရင် ဒီအတိုင်းထားလိုက်သင့်တယ်။ အများစုက ၁၀ ပတ်လောက် အကြာမှာ ပျောက်ကင်းမှုကို ခံစားရတယ်လို့ဆိုပါတယ်။

Skincare ကို မဖြစ်မနေအသုံးပြုသင့်တယ်။ ကိုယ့်အရေပြားရဲ့ နေ့စဉ်ပျက်စီးမှုကို Skincare မှာပါဝင်တဲ့ သဘာဝအဆီ နဲ့ပြန်လည်ပြုပြင်နိုင်ပါတယ်။ Skincare ကို နှစ်နာရီကြာတိုင်း  တစ်ကြိမ် လိမ်း သင့်တယ်။ ဟော်မုန်းကုသမှု ခံယူသင့်ပါတယ်။ မီးယပ်သွေးဆုံး ဝေဒနာအတွက် ဟော်မုန်း အစားထိုး ကုသရာမှာ ပါဝင်တဲ့ အီစထရိုဂျင်က အရေပြားထူပြီး ပျော့ပျောင်းမှုရရှိစေနိုင်ပါတယ်။ ဟော်မုန်း အစားထိုး ကုသမှု ခံယူတဲ့အခါ အရေပြားအတွက် အကျိုးရရှိဖို့ အချိန်ကြာကြာ ကုသမှုခံယူသင့် ပါတယ်။

ဗြိတိန်နိုင်ငံမှာ လက်ရှိသုံးနေတဲ့ မူအရဟော်မုန်းကို ပမာဏအနည်းဆုံးနဲ့ အချိန်အတိုဆုံးသာ အသုံးပြုရ မယ်လို့ အကြံပြုထားပေမယ့် လေ့လာမှုတွေအရ အီစထရိုဂျင်က သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့အတွက် မီးယပ်ဆရာဝန်တွေက ဟော်မုန်းကုသမှုကို အချိန်ကြာကြာခံယူနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

ချွေးထွက်ဖို့ လိုပါတယ်။ ချွေးထွက်တာကြောင့် ချွေးအနံ့ရရှိနိုင်ပေမယ့် အရေပြားကျန်းမာဖို့ လိုအပ်ပါ တယ်။ ချွေးထွက်တာက အရေပြားအောက်မှာ စုဆောင်းနေတဲ့   ဓာတုအဆိပ်အတောက်တွေကို သဘာဝ နည်းအတိုင်း ဖယ်ရှားတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပြုလုပ်ရင် ရာသီဥတုပူတဲ့ အချိန်ကို ရှောင်ကြဉ်စရာ မလိုတော့ပါဘူး။

နေရောင်ခြည် ရရှိသင့်ပါတယ်။ အများစုက အရေပြားကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရင် ပျက်စီး လိမ့်မယ်လို့ ထင်မြင်ကြပေမယ့် ကျန်းမာရေးအတွက် နေရောင်ခြည်လိုအပ်ပါတယ်။   ဆရာဝန်တွေရဲ့ အကြံပေးချက်အရ ခန္ဓာကိုယ်ကို နေရောင်ကာခရင်မ်မလိမ်းဘဲ နေ့စဉ် နေရောင်ခြည်နဲ့ ၁၀ မိနစ်ခန့်ထိ တွေ့ဖို့လိုပါတယ်။

အသားဖြူသူဆိုရင် ၁၀ မိနစ်ထက်နည်းပြီး အသားညိုသူဆိုရင် ၁၀ မိနစ်ထက် အချိန်ပိုကြာရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခဏတာလေး နေရောင်ခြည်နဲ့ထိတွေ့တာကြောင့် ခန္ဓာကိုယ်ကနေ ဗီတာမင်ဒီ ထုတ်လုပ်မှု ပိုမိုကောင်းမွန်နိုင်တဲ့အပြင်    တချို့ကင်ဆာရောဂါတွေကို    ကာကွယ်နိုင်ပြီး အရိုးသန်မာ စေပါတယ်။  နေရောင်ခြည်နဲ့ အချိန်အကြာကြီးထိတွေ့မယ်ဆိုရင်တော့   နေရောင်ကာ ခရင်မ် အနည်းဆုံး SPF-15 ပါဝင်တာလိမ်းသင့်ပါတယ်။   ခရမ်းလွန်ရောင်ခြည်  A၊ B သို့မဟုတ် UVA၊ UVB နှစ်မျိုးစလုံးပါဝင်တာကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ထွက်ပေါ်နေတဲ့ နေရောင်ကာခရင်မ်တွေမှာ ကော်လာဂျင်နဲ့ UVA၊ UVB တွေ ပါဝင်တဲ့ အတွက်အရေပြား အရေးကြောင်း ကင်းစင်အောင်ကာကွယ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။

ကော်ဖီတစ်ခွက် သောက်သင့်ပါတယ်။ မကြာခင်ကပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ ကော်ဖီသောက် တာကြောင့် အရေပြားကင်ဆာ (Basal Cell Carcinoma-BCC) ကို ကာကွယ်နိုင် တယ်လို့ သိရပါတယ်။ အိန္ဒိယ၊ ဥရောပမျိုးနွယ်တွေရဲ့ ၃၀ရာခိုင်နှုန်းခန့်က အရေပြားကင်ဆာ ဖြစ်လေ့ ရှိကြပေမယ့် နေ့စဉ် ကော်ဖီ တစ်ခွက်သောက်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ အမေရိကန် သုတေသီတွေက အကြံပြုထားကြပါတယ်။

နေရောင်ခြည်ကရရှိတဲ့ ဗီတာမင်ဒီက အရိုးကိုသန်မာစေတယ်။ အရေပြားကခန္ဓာကိုယ်မှာ အကြီးမားဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး သူ့ရဲ့အောက်ဘက်မှာရှိနေတဲ့ တစ်သျှူးတွေကိုကာရံပေးတဲ့အပြင် ပိုးမွှားနဲ့ ပတ်ဝန်းကျင်က   အန္တရာယ်တွေအတွက်   ပထမခံတပ်လည်းဖြစ်တယ်။

အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် Skincare အသုံးပြုသင့်သလို ဆရာဝန်တွေရဲ့ အကြံပြုချက် အတိုင်း အရေပြားကုသမှုခံယူသင့်ပါကြောင်း  ရေးသားလိုက်ရပါတယ်။   ။

ဒေါက်တာလွင်သန့်