အမေရိကန်၏ခြိမ်းခြောက်မှုများကို ကာကွယ်ရာတွင် တရုတ်အားများစွာအထောက်အကူပြုနိုင်သည့် နည်းပညာတိုးတက်မှုများ

အမေရိကန်၏ခြိမ်းခြောက်မှုများကို ကာကွယ်ရာတွင် တရုတ်အားများစွာအထောက်အကူပြုနိုင်သည့် နည်းပညာတိုးတက်မှုများ

တရုတ်နိုင်ငံသည်    ၎င်းတို့၏ နယ်မြေပေါင်းစည်းရေးတွင်    အဟန့်အတားပြု ခြိမ်းခြောက်လာနိုင်သည့် အမေရိကန်တို့၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဝေဟင်မှနေ၍ ထောက်လှမ်းဖော် ထုတ်နိုင်မည့် စနစ်သစ်များကို တီထွင်လျက်ရှိသည်။

တရုတ်ရေတပ်သည် ယခုအခါ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်မှုကို ရေတပ် စစ်ဆင်ရေးများတွင်  အောင်မြင်မှုရရှိစေရန်အတွက် မရှိမဖြစ်လိုအပ်လာသည့် စစ်ဆင်မှု တစ်ရပ်အဖြစ်ရှုမြင်လာပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက တရုတ်ရေတပ်သင်္ဘောများအား တိုက်ခိုက်ခြင်းမှ ကာကွယ် ပေးနိုင်မည်ဟူ၍လည်း ယူဆလျက်ရှိသည်။

တရုတ်တပ်မတော်သည် လက်ရှိတွင် ၎င်းတို့၏   ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောများ ကင်းလှည့်မှု လုပ်ဆောင်ရာတွင်လည်းကောင်း၊ ရန်သူ၏တည်ရှိရာနေရာများသို့ တိုက်ခိုက်ရာတွင်လည်းကောင်း အထောက်အကူပြုနိုင်စေရန်အတွက် လေတပ်မှတိုက်လေယာဉ်များကိုပါ ပူးတွဲတာဝန်ပေးထားနိုင်ပြီ ဖြစ်သည်။

ထို့ပြင် တရုတ်ရေတပ်တွင်  အသုံးပြုနေသည့်   ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ် အရေအတွက် သည် အမေရိကန်ရေတပ်နှင့် ပခုံးချင်းယှဉ်နိုင်သည့် အခြေအနေတွင်ရှိနေပြီး     တရုတ်ရေတပ်အနေဖြင့် ၎င်းတို့၏ ရေတပ်စွမ်းဆောင်ရည် မြှင့်တင်မှုအစီအစဉ်ကိုလည်း အမေရိကန်တို့ကဲ့သို့ပင် လျှို့ဝှက်လုပ် ဆောင်လျက်ရှိသည်။

အထူးသဖြင့်  တရုတ်ရေတပ်သည် ၎င်းတို့၏ ရဟတ်ယာဉ်များနှင့် ဒေါင်လိုက်အတက် အဆင်းလုပ် ဆောင်နိုင်သည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်များ၏ စွမ်းဆောင်ရည်မှာ  ကုန်း၊ ရေနှစ်သွယ် အခြေပြု လုပ်ဆောင်သည့် စစ်ဆင်ရေးများ၊ ကျွန်းသိမ်းပိုက်ရေး သို့မဟုတ် ပူးတွဲကမ်းတက် စစ်ဆင်ရေး တစ်ရပ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်နေသည့် စွမ်းဆောင်ရည်အဖြစ် ရှုမြင်လျက်ရှိသည်။

တရုတ်အနေဖြင့် အကယ်၍ တရုတ် (တိုင်ပေ)၏ ခွဲထွက်လိုမှုများကြောင့် နယ်မြေပေါင်းစည်းရေး အတွက် အင်အားအသုံးပြုမည်ဆိုပါက  အမေရိကန်ကဝင်ရောက်ဟန့်တားမည်ကို ကြိုတင်တွေးမြော်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။

တရုတ်တပ်မတော်သည်   ၂၀၂၄ ခုနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ယွမ် ၁.၆၆၅ ထရီလီယံ (ဒေါ်လာ ၂၃၆ ဘီလီယံ)အထိ အသုံးပြုမည်ဖြစ်သည်။

ယင်းပမာဏသည်   ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးအသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းခန့်မြင့် တက်လာခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ  ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကြောင့် နိုင်ငံ အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအား အဆင့်မြှင့်တင်ခြင်း၊၊

လုံခြုံရေးအရစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နိုင်ငံ၏စီးပွားရေး တိုးတက်မှုအပေါ်မူတည်၍  ကာကွယ်ရေး အသုံးစရိတ်ကို   ဆက်လက်မြှင့် တင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအနေဖြင့် ယခု ၂၀၂၄ ခုနှစ် မေလအတွင်း၌ ၎င်းတို့၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကို   ပင်လယ်ပြင်၌  စမ်းသပ်မောင်းနှင်နိုင်ခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုပါ တတိယမြောက် လေယာဉ်တင်သင်္ဘောကို Fujian ဟုအမည်ပေးထားသည်။

ထို့ပြင် အဆိုပါလေယာဉ်တင်သင်္ဘော၌ တပ်ဆင်ရန် စီစဉ်ထားသည့် ဒုံးကျည်အပါအဝင် အခြား အဆင့်မြင့် နည်းပညာ သုံးလက်နက်များကိုလည်း စမ်းသပ်လျက်ရှိသည်။

တရုတ်တပ်မတော်သည် လက်ရှိတွင် အဆင့်မြင့်နည်းပညာသစ်များနှင့်လက်နက်ဆန်းများကို ပိုင်ဆိုင် ထားရုံသာမက ၎င်းတို့၏ဖွဲ့စည်းပုံကိုလည်း   ပြုပြင်ပြောင်းလဲ လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် စစ်တပ်အား ခေတ်မီအောင်ပြောင်းလဲဖွဲ့စည်းမှုကိုပြီးစီးအောင် ဆောင်ရွက်ရန် ရည်မှန်းထား ကြောင်း၊ ၂၀၄၉ ခုနှစ်တွင် အမေရိကန်စစ်တပ်နှင့် ပခုံးချင်းယှဉ်နိုင်သည့် (သို့) သာလွန်သော ကမ္ဘာ့အဆင့် တပ်မတော်ကို  တည်ထောင်ရန်  ကြိုးပမ်းလျက်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က   အသိအမှတ်ပြု ပြောကြားခဲ့ ကြောင်းတွေ့ရသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် အမေရိကန်က လက်ရှိရည်မှန်းချက်ကြီးမား စွာဖြင့် ဖော်ဆောင် နေသည့်  ၎င်းတို့၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကိုသတိထား စောင့်ကြည့်လျက်ရှိသည်။ အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာသည် အင်အားကြီးထွားလာသည့် တရုတ်နှင့် ရုရှားအား တန်ပြန်မည့်   မဟာ ဗျူဟာတစ်ရပ်ဖြစ်ကြောင်းကို အမေရိကန်က ၎င်းတို့၏ မဟာမိတ်နိုင်ငံများအား ပြောကြားခဲ့ပြီး ဖြစ်သလို တရုတ်နှင့် ရုရှားနိုင်ငံကလည်း ယင်းအချက်ကို ကောင်းစွာသဘောပေါက်ထားသည်။ ထို့ကြောင့် တရုတ်နှင့် ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှုများသည် ပြီးခဲ့သည့်နှစ်များအတွင်း အလွန် တိုးတက်လာခြင်းဖြစ်သည်။

သို့သော် တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များသည် ပစိဖိတ်ဒေသ အနောက်ပိုင်း တွင် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်များကိုအောင်မြင်ရန်နှင့် တစ်ကမ္ဘာလုံးတွင် ၎င်းတို့၏ အင်အားကိုပြသရန်အတွက် စစ်အင်အားကိုမြှင့်တင်ရန် အဓိကရည်မှန်းချက်ထား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန်ကတုံ့ပြန်ထားသည်။ စင်စစ်တွင် တရုတ်သည် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံးသော ရေတပ်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်ရေတပ်တွင် စစ်သင်္ဘောနှင့် ရေငုပ် သင်္ဘော စုစုပေါင်း ၃၇၀ စင်းရှိရာမှ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် စစ်သင်္ဘောအစင်းရေ ၄၃၅ စင်းခန့်အထိပိုင်ဆိုင်ရန် ရည်မှန်းထားရှိသည်။ ထို့ပြင်  တရုတ်နိုင်ငံတွင် ကမ္ဘာပေါ်၌ အဆင့်အမြင့်ဆုံးသော လေကြောင်းရန် ကာကွယ်ရေးစနစ်များကိုလည်း ပိုင်ဆိုင်ထားရှိ သည်။  အဆိုပါလေကြောင်းရန် ကာကွယ်ရေးစနစ်များတွင် ရုရှားနိုင်ငံထုတ် S-400 နှင့် S-300 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များသာမက တရုတ်ပြည်တွင်းဖြစ် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များလည်း ပါဝင်လျက်ရှိရာ အမေရိကန်မှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှု များကို ကာကွယ်ရာတွင် တရုတ်နိုင်ငံ၏ တိုးတက် လာသည့် စစ်လက်နက်နည်းပညာများက များစွာ  အထောက်အကူပြုနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: GT, USNavy, GT

နိုင်အောင်