လိမ်လည်လှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး တိပိဋကဓရဘွဲ့တံဆိပ်တော်ရဆရာတော်မှာ မင်းကွန်းဆရာတော်ကြီးဖြစ်သည်။ ဆရာတော်ကြီးက မေတ္တသုတ်လာ မေတ္တာပွားနည်းများကို လွယ်လင့်တကူပူဇော်နိုင်ရန် သံပေါက် ကဗျာ ရေးဖွဲ့ထားခဲ့သည်။ ထိုအထဲတွင် လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေဟူသော မေတ္တာပို့ တစ်ခု လည်းပါဝင်သည်။ ဤကမ္ဘာမြေပြင်တွင် လူသားအချင်းချင်း လိမ်လည်လှည့်ဖြားခြင်း ကင်းဝေးနေမည်ဆိုပါက ကမ္ဘာကြီးသည် သာယာနေမည်ဖြစ်သည်။ ယခုအခါ လူအချင်းချင်းသာမက နိုင်ငံအချင်းချင်းပင် လိမ်လည် လှည့်ဖြားနေကြသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက အင်အားငယ်သောနိုင်ငံများကို ကူညီပေး သယောင်ဖြင့် စိုးမိုးခြယ်လှယ်ရန် ကြိုးစားနေကြသည်။

မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ပြည်ပစွက်ဖက်မှုကို ခေတ်အဆက်ဆက်မြန်မာတို့ လက်မခံခဲ့ကြပါ။ နိုင်ငံတော် ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား  ဆန့်ကျင်ကြဟူသော ဆောင်ပုဒ်များဖြင့် နှိုးဆော်ထားရှိခဲ့သည်။

လူ့အခွင့်အရေးဟူသောစကားဖြင့် လူသားတို့ကိုကယ်တင်သယောင်၊ ကူညီသယောင်အသံကောင်းဟစ်ပြီး လက်တွေ့တွင် ဒုက္ခပင်လယ်ဝေနေရှာသော နိုင်ငံများရှိနေပြီဖြစ်သည်။ ဤသည်ကိုကြည့်၍ မြန်မာတို့ အသိ တရားဖြင့် သတိထားသင့်ပါသည်။

ရှေးသရောအခါက ရေအိုင်တစ်ခုအနီးတွင် ဗျိုင်းတစ်ကောင်သည် ငါးများကို “သည်ရေကန်မှာမကြာခင် ရေတွေ ခန်းခြောက်တော့မယ်။ ရေတွေခန်းခြောက်ရင် အသင်တို့ ငါးတွေ ဒုက္ခကြုံတော့မယ်။ ဒါ့ကြောင့် သင်တို့ကို ရေအများကြီးရှိတဲ့အိုင်ကြီးတစ်အိုင်ကို ငါပို့ပေးမယ်” ဟုပြောသည်။ ငါးတို့က “အသင်၏စကားကို ငါတို့ဘယ်လိုယုံကြည်ရမလဲ” ဟုဆိုလျှင် ဗျိုင်းက “အသင်တို့ထဲက ငါးတစ်ကောင်လိုက်ကြည့်ပါ” ဟုဆိုလေ သည်။

ငါးတို့သည် ဗျိုင်း၏ စကားကိုယုံစား၍ သန်စွမ်းသော ငါးတစ်ကောင်ကိုလိုက်ကြည့်စေသည်။ ဗျိုင်းလည်း ထိုငါးကိုချီယူ၍ ရေများသောအိုင်ကိုပြပြီးလျှင် ငါးတို့ထံသို့ပြန်ပို့လေသည်။ ငါးအပေါင်းလည်း လိုက်ကြည့် သောငါးထံမှ ရေအိုင်ရှိကြောင်းစကားကိုကြားရလျှင် ထိုအိုင်သို့ပို့ဆောင်ပါလော့ဟု ဗျိုင်းအားအကူအညီ တောင်းကြသည်။ ထိုအခါ ဗျိုင်းသည် ငါးတို့ကိုတစ်ကောင်စီချီ၍ အိုင်၏ အနီး၌ရှိသော ရေခံတက်ပင်၏ ခွကြား၌နား၍ စားပြီးသော်အရိုးတို့ကို ခံတက်ပင်ရင်းသို့ ပစ်ချလေသည်။ ဤသို့ဖြင့် ရေအိုင်အတွင်းရှိ ငါးအား လုံးကုန်ဆုံးသွားလေသည်။

ထိုရေအိုင်တွင် ပုစွန်တစ်ကောင်သာ ကျန်ရှိတော့သည်။ ထိုပုစွန်ကိုလည်း ဗျိုင်းက စားချင်သည်။ ငါးများကို ချီ၍လွှတ်သကဲ့သို့ သင့်ကိုလည်း ရေများသောအိုင်သို့ ငါချီ၍သွားပါမည်ဟုပြောလေသည်။

ထိုစကားကိုကြားလျှင် သတိပညာနှင့်ပြည့်စုံသော ပုစွန်က ဗျိုင်းကိုသတိနှင့် ဆက်ဆံမှ တော်ကာကျပေလိမ့် မည်ဟုတွေးကာ “အသင်ဗျိုင်းကျွန်ုပ်ကိုလည်း ကူညီပေးပါ။ သို့ရာတွင် ကျွန်ုပ်မှာ အခွံဖြင့်ဖုံးအုပ်ထားသော ကိုယ်ရှိ၍ အကျွနု်ပ်ကို သင့်နှုတ်သီးဖြင့်ယူသော်မြဲနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်၏လက်မဖြင့်  သင်၏ လည်ကိုခိုညှပ်၍လိုက်ပါမည်” ဟုဆိုလေသည်။

ဗျိုင်းသည်ကား ပုစွန်ကိုငါစားရတော့မည်ဟူ၍ တွေးထင်နေသည်။ ပုစွန်ပြောသည့်အတိုင်း ဗျိုင်း၏လည်ကို  ပုစွန်လက်မဖြင့်ညှပ်စေပြီး ယူဆောင်လေသည်။ ဗျိုင်းသည် ထုံးစံအတိုင်းခံတက်ပင်ခွကြားတွင် နားလိုက် သည်။ ထိုအခါ ပုစွန်က “အဆွေဗျိုင်း-ကျွန်ုပ်ကို အိုင်၌မလွှတ်ဘဲ ဤခံတက်ပင်သို့ အဘယ့်ကြောင့် ယူဆောင် ရပါသလဲ” မေးလိုက်သည်။ ဗျိုင်းက-ဟယ်...ပုစွန်နင့်ကို ငါစားလို၍ လိမ်လည်လှည့်ဖြား ခေါ်လာခြင်းဖြစ် သည်။

ထိုအခါ ပုစွန်က “ဟယ်-ဗျိုင်းယုတ်၊ သင့်အကြံကိုငါရိပ်မိတာပေါ့။ ငါးတွေကိုသာ သင်လှည့်စားလို့ရမယ်၊ ငါလိုပုစွန်ကိုတော့ လိမ်လည်လှည့်ဖြားဖို့မစဉ်းစားနဲ့။ ငါးတို့က အသိပညာမဲ့၍ သင်စားရခြင်းဖြစ်တယ်။ ငါသည်ကား သတိပညာရှိသူဖြစ်လို့ သင့်လည်ပင်းကိုလက်မဖြင့်ညှပ်၍  လိုက်လာခြင်းဖြစ်တယ်။ ယခုပင်  သင့်လည်ကိုပြတ်စေအံ့” ဟုဆိုကာ လက်မဖြင့် တအားညှပ်ထားလိုက်သည်။ ထိုအခါ ဗျိုင်းမှာလွန်စွာနာကျင် လျက် အသက်ရှု၍မရဖြစ်လာသည်။ ပုစွန်ကို ရေအိုင်သို့ရောက်အောင်ပို့ပေးလိုက်ရသည်။ ပုစွန်က “သူတစ်ပါး ကိုလှည့်ပတ်နေသူကို အရှင်မထားသင့်” တွေးကာ ဗျိုင်း၏ လည်ကို ကိုက်ဖြတ်သတ်လိုက်လေသည်။ ဤသည် ကိုသင်ခန်းစာယူ၍ သူတစ်ပါး၏ လိမ်လည်လှည့်ဖြားမှုဘေးမှ ကင်းဝေးအောင်ရှောင်နိုင်ပါစေ ကြောင်း ရေးသားလိုက်ရပေသည်။   ။