မြန်မာမှုတွင် စာပေကျမ်းဂန်ဆိုသည့် ဝေါဟာရကို အတော်ပင်ယဉ်ပါးပြီးဖြစ်သည်ဟု ယူဆပေသည်။
စာတတ်ပေတတ်ရော စာပေနှင့်ကျွမ်းဝင်မှု မရှိသူများပါ ဖြစ်လေသည်။ ဂုဏ်သိက္ခာရှိခြင်း၊ တန်ဖိုးကြီးမားခြင်း သဘောဖြင့် အလေးထား သုံးစွဲခြင်းမျိုးဖြစ်သည်။
ကျွန်တော်တို့ ငယ်စဉ်ကတည်းကပင် ''ပညာရှိတို့သည် ကျမ်းဂန်နှင့်ကင်း၍ မပြောမဆိုကြ'' ဆိုသည့်သြဝါဒကို နှုတ်ဆင့်ကမ်းစကား ကြားနာရလေ့ရှိ၏။ ဆရာတော်များ၏အမှာအသားတွင် ကျမ်းဂန်ပါဠိလာ ရှိသည်နှင့်အညီဟု တင်စားကာ မှတ်သားစဖွယ် ဆိုမိန့်ခြင်းက နားစွဲကြခြင်းဖြစ်သည်။ ကျမ်းတတ်ပုဂ္ဂိုလ်ကို အထင်ကြီးလေးစားသကဲ့သို့ ကျမ်းဂန်စာပေပြုစုမှုကလည်း အရည်အချင်းပြည့်ဝမှုဖြစ်နိုင်ပါမည်။ ပေစာ၊ ပုရပိုက်စာမှဆင်းသက်လာသော ကျမ်းဆိုသည့် အသုံးအနှုန်းသည် ပုံနှိပ်ခေတ်တွင် များစွာတွင်ကျယ်၏။ မြန်မာ့ရေမြေနေရာစုံတွင် ကျမ်းဂန်စာပေများ တွေ့နိုင်၏။ တစ်ချိန်ကဘာသာရေးဆိုင်ရာ အရေးအသားတွေက များ၏။ ယခုသော် ကျမ်းစာပေ (TREATISE) သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသိပ္ပံနှင့် နည်းပညာ၊ ဆက်သွယ်ရေး မဏ္ဍိုင်၊ သဘာဝဝန်းကျင် အတ္ထုပ္ပတ္တိတို့မှ အစပြု၍ ကျမ်းစာပေသည် နေ့စဉ်နှင့်အမျှ ထွက်ပေါ်လာပေသည်။
ယေဘုယျအားဖြင့် ကျမ်းစာပေ အရေးအသားသည် တည်တံ့ခြင်း၊ ခိုင်မာခြင်း၊ ရည်ညွှန်းကိုးကားစရာဖြစ်ခြင်း၊ အရည်အသွေးကောင်းများ ပြည့်စုံခြင်း၊ ပညာရပ်ဆန်ခြင်း၊ သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရပိုင်း ပြည့်စုံခြင်း၊ သုတပညာအတွက် အလေးဂရုပြုဖွယ် ဖြစ်ခြင်း စသည်တို့အပြင် လက်တစ်ဆုံးနှိုက် တူးတူးဆွဆွပြုကြရသော အမှတ်အသားဖြစ်၏။ အပေါ်ယံ ရှပ်တိုက်သင့်ရုံမျှသောအရေးအဖွဲ့သည် အရှည်အကြာ ခိုင်မာတည်တံ့မည် မဟုတ်ကြောင်း၊ အချိန်တိုအတွင်း ကွယ်ပျောက်သွားကြောင်း သမိုင်းသက်သေ လေ့လာမှုအထွေထွေက ရှုမြင်နိုင်ပေရာ သတိကြီးစွာ အားထုတ်ကြရခြင်းဖြစ်သည်။
ကျမ်းနှင့်ပတ်သက်သော ရှေ့ဆက်နောက်ဆက် ဝေါဟာရများကလည်း မြန်မာမှုနယ်ပယ်၌ အတော်ပင် တွင်ကျယ်ပေသည်။ ''ကျမ်းကိုး၊ ကျမ်းကြီးကျမ်းငယ်၊ ကျမ်းခိုင်မာမှု၊ ကျမ်းဂန်၊ ကျမ်းဂန်အငွေ့အသက်၊ ကျမ်းစူးကျမ်းကျိန်၊ ကျမ်းအဆူဆူ၊ ကျမ်းပြီးနှစ်၊ ကျမ်းတတ်၊ ကျမ်းညွှန်း၊ ကျမ်းစာသိမြင်၊ ကျမ်းထုပ်၊ ကျမ်းဟောင်း၊ကျမ်းစာသင်မှု၊ ကျမ်းအနှစ်သာရ၊ ကျမ်းဦးစကား စသည်ဖြင့် စုံလင်၏။ အလျဉ်းသင့်သလို သုံးစွဲကြသည်။
ခိုင်မာလေးနက် အရေးအဖွဲ့ကို အကြောင်းပြု၍ ရေးသားဟန် စံနှုန်းအတွက် ဆရာမကြီးဒေါ်ကြန်က ''ကျမ်းနှင့်သုတေသန'' ပြုစုပုံကို ညွှန်းပြရေးသားခဲ့၏။ စာတမ်းဖတ်ခဲ့ပေသည်။ ကျမ်းပြုသမား၊ သုတေသီတို့အတွက် နည်းမှီစရာဖြစ်ရ၏။ တူသယောင်ယောင်နှင့် ကွဲပြား ခြားနားမှုကို စိစစ်ပြခြင်းဖြစ်၏။
ရှေးခေတ်က အသုံးအနှုန်းဖြင့် ပြောရပါက မြန်မာစာပေတွင် ''မူမှားစာပျက်ကျမ်း''တွေပေါ်ပေါက်ခဲ့ဖူးရာ အတွေးမှား၊ အမြင်မှားဖြစ်စေသဖြင့် ပညာရှိများ ပီသစွာ သွယ်သွယ်ဝိုက်ဝိုက် လှလှပပတားမြစ်ကြသည်။
ကျမ်းစာပေဆိုတိုင်း အားကိုးအားထားပြုဖွယ် မပါတတ်ဘဲ သာမန်အကြောင်းရပ်မျှသာ ဖြစ်သဖြင့် တွင်ကျယ်သုံးစွဲမှု လျော့ရဲရခြင်းဖြစ်သည်။
ကျမ်းတတ်အကျော်အမော်သည် ထင်ရှားတင့်တယ်ကြောင်း အထူးပြောဖွယ်မရှိ။ ခံယူချက်ကောင်းများရှိကြပြီးဖြစ်၏။ သာသနာရေးနှင့်စာပေလောကတွင် လယ်တီဆရာတော်ကြီးသည် ကျမ်းဂန်ပေါင်းများစွာ ရေးသား၏။ ထင်ရှားလွန်း၏။ အမှတ်အသားကောင်းများ စုစည်းနေ၏။ ခံယူချက်ကလည်း မြင့်မြတ်ပေ၏။
ကျမ်းစာပေရေးသားသူ၏ ဂုဏ်သတင်းကျော်စောခြင်း မရှိချင်နေပါစေ စာဖတ်သူတို့ နားလည်သဘောပေါက်ဖို့ကိုသာ ရည်စူးခြင်းဖြစ်သည်ဆိုသည့် သဘောထားကာ နည်းယူစရာကောင်း၏။ ကျမ်းစာပေတစ်ပုဒ်တလေ ရေးသားခြင်းဖြင့် ထင်ရှားသော ပညာရှင်တို့လည်း ဒုနဲ့ဒေးဖြစ်လေသည်။
မျက်မှောက်ခေတ်မြန်မာ့စာပေ ဖွံ့ဖြိုးရှင်သန်လျက် ရှိခြင်းမှာ ခေတ်အဆက်ဆက် ကျမ်းဂန်တတ်ပုဂ္ဂိုလ်များ၏ ကျမ်းစာပေလက်ရာကြောင့်ဖြစ်၏။ ခေတ်အလိုက် ပေါ်ပေါက်ခဲ့၏။ ညောင်ရမ်းခေတ်တွင် ကျမ်းတတ်ပုဂ္ဂိုလ်လေးဦး ပေါ်ထွန်းခဲ့ကြောင်း ဖော်ညွှန်းခဲ့၏။ ယင်းခေတ်တွင် တောင်ဖီလာ ဆရာတော်နှင့် ရွှေဥမင် ဆရာတော်တို့ ကျမ်းတစ်မျိုးကို ကိုယ်တိုင်ရေးသားခဲ့ကြောင်း ဆုံစည်းပြောဆိုမိကြသည်။ ထိုအခါ ရွှေဥမင် ဆရာတော်က သာသနာတော်အတွက် ရှေးရှုကာ သူ၏ကျမ်းကို မီးရှို့ဖျက်ဆီးလိုက်၏။ နှောင်းလူတို့ဝိနည်းနှင့် ပတ်သက်၍ ဒွိဟဖြစ်မည်စိုးသောကြောင့်ဟု ဆို၏။ သဘောထားမြင့်မြတ်မှုနှင့် ကျမ်းစာပေ၏ လေးနက်မှုကို ရည်ညွှန်းခြင်းဖြစ်၏။ စာပေပေါ်ထွန်းသည့် ကာလမှ ရေးဖွဲ့သော ကျမ်းစာပေများစွာသည် ခေတ်မတိမ်းသေး၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင် ကျိုးနိုင်ဆဲဖြစ်၏။ ကျမ်းစာပေရေးသားမှု ဆက်ခံကြသူတို့သည် တော်ရုံတန်ရုံမျှဖြင့် အားမထုတ်ရဲကြ။ အရည်အသွေးပြည့်အောင် စမ်းသပ်စစ်ဆေး ခံနိုင်ရည်ရှိအောင် အားထုတ်ကြသည်ချည်းဖြစ်လေသည်။ အကိုးအထောက်ကို အရင်းပြုတတ်ကြ၏။ ထို့ကြောင့် ''ရှေးက ကျမ်းကိုးဆိုလမ်းရိုး စာခိုးမမည်သာ''ဟု ဆိုမိန့်ပေသည်။
အမှားအယွင်း ကင်းစေလိုသည့် စာပေစေတနာဖြစ်ကြပါ၏။
စာရေးသူသည် ပြိုင်ပွဲဝင်ကျမ်းစာပေ အနည်းငယ် ပြုစုခဲ့ဖူး၏။ ပြိုင်ပွဲဝင်ခဲ့၊ အစစ်ဆေးခံခဲ့၊ ပုံနှိပ်စာအဖြစ် ပြောင်းလဲခွင့်ရခဲ့၏။ ထိုအခါ မည်မျှတာဝန်ကြီးကြောင်း နားလည်ရပေသည်။ ယင်းသို့ ကျမ်းစာပေပြုစု ဖတ်ရှုလေတိုင်း မြန်မာပညာရှိ မှော်ဘီဆရာသိန်း၏ အဆိုအမိန့်ကို သတိရမိ၏။ ''ငန်းဆေးကြောင့် အဖျားတက်သည် ကျမ်းရေးတော့ အသွားခက်သည်''ဟူ၍ဖြစ်၏။
နာမကျန်းဖြစ်သဖြင့် ငန်းဆေးသောက်ကာမှ မပျောက်ကင်းသည့်အပြင် အဖျားပိုတက်ခြင်းက မသင့်တင့်ပေ။ ထို့အတူ စာပေပညာကျမ်းစာပေရေးသားကာမှ အမှားအယွင်းများ ချို့တဲ့မှုတွေရှိသဖြင့် ပညာရှိများအကြား မသွားရဲမလာရဲသည့် အဖြစ် မကြုံရအောင် သတိဆောင်သင့်ကြောင်း သြဝါဒပေးခြင်းဖြစ်၏။ သာမန်ဝီရိယဖြစ်ပြီး အသိနှင့်အတတ်၊ အရေးအဖွဲ့၊ အဟောင်းအသစ် စုစည်းတင်ပြနိုင်ကာမှ တန်ကာကျသည်။ ကျမ်းစာပေဖြစ်၏။ စာအုပ်စင်တွင် ရွှေဇဝါအဖုံးဖြင့် တင့်တယ်သော ကျမ်းကြီးကျမ်းခိုင်များကို တွေ့ရလေတိုင်း အားကျမိပါ၏။ စုဆောင်းတုပ ရေးသားပြုစုမှုရလဒ်သည် အပြစ်အနာ သံသယတွေ ကင်းစင်ဖို့ ဖြစ်လေသည်။ တိုက်ရိုက်နှင့်တစ်ဆင့်ခံ၊ လက်တွေ့သုတေသန အရင်းအမြစ်တွေက ကျမ်းစာပေကောင်း အင်္ဂါပြည့်ဝကြခြင်းဖြစ်လေသည်။
အစဉ်အဆက်စွဲမြဲပေသော ကျမ်းစာပေ ကျွမ်းကျင်မှု အရေးအသားရှိ၏။ စာပြင်၊ စာတည်း၊ စာပေသုတ်သင်သူတို့အတွက် ရည်စူးခြင်းဖြစ်၏။ ယခုတိုင်အသုံးကျ၏။ အားနာစွာပြောရပါက ယင်းအမူအရာကို စာဖြင့် စာတည်းခေတ်၏ ကာလပေါ်လက်တွေ့ဆောင်ကြဉ်းကြသူများ ကြားဖူးမည်မထင်ပါ။ အထင်သေးခြင်း
မဟုတ်ပါ။ ယဉ်ပါးလျှင်ကောင်းမြတ်သည်ဆိုသော စာပေတွေမျှဝေချင်မှုဖြစ်၏။ ကျမ်းဂန်တတ် ပုဂ္ဂိုလ်များ၏ အရည်အသွေးလည်းဖြစ်ပြီး စာပေကျွမ်းကျင် နှံ့စပ်ခြင်း သရုပ်သကန်ဖြစ်လေသည်။
ကျမ်းတတ်ဆိုရာတွင် ''(၁) သဒ္ဒါကျမ်း၊ (၂) အဘိဓာန်ကျမ်း၊ (၃) ဆန်းကျမ်း၊ (၄) အလင်္ကာကျမ်းတို့ကို ကျွမ်းကျင်ပိုင်နိုင်ရမည်ဟုဆိုခြင်းဖြစ်၏။ ကျမ်းစာပေ အခြေခံများဟုဆိုချင်၏။ ရှေးပညာရှင်များ အလေးအနက် ထားမှုဖြစ်၏။ ကျမ်းစာပေကျွမ်းကျင်ဖို့ သဒ္ဒါတတ်ဖို့လို၏။ ''သဒ္ဒါမတတ် စာမတတ်၊ သဒ္ဒါတတ်မှ စာတတ်သည်''ဟုဆို၏။ ဆရာကြီး ဒဂုန်ဦးစန်းငွေ ပြောလေ့ရှိသည့်အတိုင်း ''သဒ္ဒါကိုးခေါက် စာဖြိုးဖြောက်''ဆိုသော အမှတ်အသားကို သတိပြုသင့်၏။ သဒ္ဒါရှစ်စောင်ကို ကိုးခေါက် သင်ပြီးသည့်တိုင်အောင် စာပေအနည်းအကျဉ်းမျှသာ တတ်သည်ဟုဆို၏။ သဒ္ဒါမနိုင်လျှင် စာမပိုင်ဟုဆိုလေ၏။ စာတတ်ပေတတ် မဖြစ်နိုင်။
ထို့အတူ အနက်မသန် အဘိဓာန်ဟုဆိုသည့်အတိုင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် အဘိဓာန် ကျွမ်းကျင်မှုက ပဓာနကျ၏။ ရှေးက ပါဠိသက္ကတတို့ကို အရင်းတည်၏။ ယခုသော် ဘာသာစကားဖြင့် အဘိဓာန်တွေပေါ်လာ၏။ ကျမ်းတတ်မြောက်မှု၊ တည်းဖြတ်မှုပညာအတွက် အမိအရရှိရ၏။ အာဂုံဆောင်သင့်က ဆောင်ရ၏။
အဘိဓာန်လက်ကိုင်မထားလျှင် ကျမ်းတတ်မဖြစ်နိုင်သည်မှာ အသေအချာဖြစ်၏။ စာတည်းကောင်းဖြစ်ဖို့ ခဲယဉ်း၏။ သုတစုံလင်မှုရည်စူးခြင်းဖြစ်၏။ ထို့အတူ ဆန်းကျမ်း၊ ဗေဒင်နက္ခတ်ကျွမ်းကျင်ရ၏။ စာပေသဘောတရားဖြစ်၏။ အရေးအသားအတွက်မူ အလင်္ကာကျမ်းများ စုဆောင်းလေ့ကျက် ကျွမ်းဝင်မှုဖြစ်၏။ ဂုဏ်ရသ အလင်္ကာအသံတို့ကို အလင်္ကာစာပေကတစ်ဆင့် ရယူအပ်၏။ ဥပမာအားဖြင့် ရွှေဟင်္သာဆရာတော်ကြီး ပြုစုခဲ့သည့် မြန်မာအလင်္ကာကျမ်းမျိုးဖြစ်၏။ လေ့လာကြည့်က အကျိုးများကြောင်းတွေ့ရ၏။ အမြင်အတွေးစူးရှပါ၏။ ကျမ်းဂန်လေးမျိုးအခြေခံမပိုင်က ကျမ်းတတ်ဟု ရှေးကမဆိုကြပေ။
လွဲမှားစွာဖတ်မိသောကျမ်းများရှိခဲ့ဖူး၏။ အရွယ်နှင့်အတွေး သင့်မြတ်ဖို့ဖြစ်၏။ ကျွန်တော်တို့လူလတ်ပိုင်းက နိုင်ငံရေး စာပေအရင်းကျမ်းတွေ ဘာမှန်းမသိဘဲ ဖတ်ရှုဖူးကြောင်း ပြန်တွေးကြည့်တော့ ဘာမျှမဟုတ်။
ငယ်ငယ်တုန်းက ကွန်မြူနစ်၊ အရွယ်ရောက်တော့ လစ်ဗရယ်၊ နောက်တော့ ကပ္ပီတယ် (CAPITAL) ဟူသော အတွေးပြောင်းလာသည်။ လေ့လာသော ကျမ်းစာပေဝါသနာနှင့် ဖြစ်သင့်သည်များ တွက်ဆလာပေ၏။
ယခုကာလ ကျမ်းဆရာတွေပေါလာ၏။ သမိုင်းကျမ်း၊ စာပေကျမ်း၊ နည်းပညာအတတ်ပညာ၊ စက်မှုသိပ္ပံစသည့်နယ်ပယ်တွေ ကျယ်ဝန်းလှ၏။ သို့သော် အမျိုးသားရေးအမြင်တွင် စာပေအသွင်ဖန်တီးမှု၌ တင်ကျန်ရစ်သော ကျမ်းစာပေများ ထင်ရှားစေချင်ပါက ဂန္ထဝင်မြောက်စေလို၏။ ခေတ်သစ်ဖြစ်သော်လည်း လမ်းရိုးဟောင်း အတွေးကောင်းကိုတော့ မစွန့်လွှတ်သင့်ဟု ထင်ပေသည်။ ။
ညွန့်ဟံ(ကြူတော)