မေလအတွင်း ပြောင်းတင်ပို့မှုလျာထားချက်ထက်ပြည့်မီကျော်လွန်

 

မေလအတွင်း ပြောင်းတင်ပို့မှုလျာထားချက်ထက်ပြည့်မီကျော်လွန်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်၏ပို့ကုန်လျာထားချက်များ ပြည့်မီကျော်လွန်စေရေးအတွက် ပို့ကုန်ပစ္စည်းတစ်မယ်ချင်းကို ဘဏ္ဍာရေးနှစ်အတွင်း လအလိုက် လျာထားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ   ပြောင်းစေ့တင်ပို့ခြင်းကို ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ဖြစ်သော ဧပြီလ၊ မေလ၊ ဇွန်လ လျာထားချက်မှာ တန်ချိန် ၃ ဒသမ ၈ သိန်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလကုန်အထိ စာရင်းများအရ ပြောင်းတန်ချိန် ၄ ဒသမ ၇၈ သိန်း အမှန်တင်ပို့နိုင်ခဲ့ပြီး   လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့သည်။

ထို့အတူ ဇွန်လလျာထားချက်အပေါ် ပြည့်မီကျော်လွန်နိုင်ရေး    အလေးပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက် စာရင်းများအရ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်  ပြောင်းတင်ပို့မည့်သင်္ဘော ၁၄ စင်းဆိုက်ကပ်လျက်ရှိပြီး အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း  (Alone International  Port  Terminal)မှ ပြောင်းတန်ချိန် ၃၂၀၅၈ တန်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(Yangon International Gateway Terminal)မှပြောင်းတန်ချိန် ၉၅၀၀၊  မြန်မာ့စက်မှုဆိပ်ကမ်း(Myanmar Industrial Port) မှ ပြောင်းတန်ချိန် ၃၆၅၀၀၊ ဆူးလေဆိပ်ကမ်း (Sule Pagoda Wharves) မှ ပြောင်းတန်ချိန် ၂၀၆၇၂ တန်၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal) မှ ပြောင်းတန်ချိန် ၂၅၀၀၀၊ သီလဝါဆိပ်ကမ်း(Myanmar  International Terminal Thilawa)မှ ပြောင်းတန်ချိန် ၂၇၅၀၀၊ Myanmar Integrated Port Limited  မှ  ပြောင်းတန်ချိန် ၂၆၀၀၀၊ Wilmar (Wilmar International Port Terminal) မှ ပြောင်းတန်ချိန် ၁၁၀၀၀၊ သီလဝါဆိပ်ကမ်း (Thilawa Multipur-pose  International  Terminal) မှ ပြောင်းတန်ချိန် ၂၅၀၀၀၊ ရွှေမဲဆိပ်ကမ်း (Shwemae)မှ ပြောင်းတန်ချိန် ၂၇၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်း (Min Htet Min) မှ ပြောင်းတန်ချိန် ၅၄၀၀ စုစုပေါင်း ပြောင်းတန်ချိန် ၂၂၁၃၃၀ တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီလမှ သြဂုတ်လကုန်အထိ အိမ်နီးချင်းထိုင်းနိုင်ငံမှ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသဖြင့် ယခုနှစ် သြဂုတ်လကုန်အထိ ပြောင်းစေ့ပို့ကုန်များ အချိန်မီတင်ပို့နိုင်ရေး မြန်မာနိုင်ငံ  ပြောင်းလုပ်ငန်းရှင်များအသင်းမှ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။