ကလိန်အောင်မြို့၌ ယခုနှစ် ရော်ဘာရာသီကုန်ခါနီးတွင် ရော်ဘာများ အဝယ်လိုက်နေ

 

ကလိန်အောင်မြို့၌ ယခုနှစ် ရော်ဘာရာသီကုန်ခါနီးတွင် ရော်ဘာများ အဝယ်လိုက်နေ

 

    တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယခုနှစ်ရော်ဘာ ရာသီကုန်ခါနီးတွင်  ရော်ဘာများ  အဝယ်လိုက်နေသောကြောင့် ရော်ဘာခြံလုပ်ကိုင် သူများ၊ ခြံသီးစား ဝယ်ယူလုပ်ကိုင်သူများ နှင့်  ထက်ဝက်စားစနစ်ဖြင့်   အစေးခြစ်ယူသူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့မှ ရော်ဘာခြံ စိုက်ပျိုးသူများ၏ ပြောကြားချက်အရ  သိရသည်။

“ရော်ဘာရာသီကုန်ခါနီး      မတ်လ လောက်ကစပြီး အဝယ်လိုက်လာတာ အခုဆိုရင်  ရော်ဘာနေလွတ်  တစ်ပေါင်ကို ငွေကျပ်  ၁၈၅၀  ရပါတယ်။  မှိုင်းဈေးနဲ့ နေလှန်းဈေးက သိပ်မကွာဘူး။ ရော်ဘာကို မှိုင်းတင်ရင် အလုပ်ပိုများတယ်။ ဒါကြောင့်  ခြံရှင်အများစုက  မှိုင်းမတင်ဘဲရောင်းကြတယ်”ဟု ကလိန်အောင်မြို့မှ ရော်ဘာခြံ လုပ်ငန်းလုပ်ကိုင်သူ   ဦးဇော်ဇော်ကပြော သည်။

ယခုနှစ်   ခြံဖွင့်ကာလတွင်  ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၁၃၅၀  ဝန်းကျင်ရှိကြောင်း၊   ရော်ဘာရာသီကုန်ခါနီးတွင် အဝယ်လိုက်နေသောကြောင့်  ရော်ဘာတစ်ပေါင်လျှင်  ငွေကျပ် ၁၈၅၀ ခန့်ရရှိကြောင်း သိရသည်။

လက်ရှိတွင်  ကလိန်အောင်မြို့အတွင်း ရော်ဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ငွေကျပ် ၁၈၀၀၊ နေလွတ်တစ်ပေါင်လျှင် ငွေကျပ် ၁၈၅၀ နှင့် နေလှန်းတစ်ပေါင်လျှင် ငွေကျပ် ၁၆၅၀ ရရှိပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။