ဒီဇင်ဘာ ၁၃ ရက်က ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် ပဲရစ်သဘောတူညီချက်ဟု လူသိများသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP21) ငါးနှစ်ပြည့် အထိမ်းအမှတ် အွန်လိုင်း ညီလာခံ ကျင်းပခဲ့ကြပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို အားကောင်းကောင်းဖြင့် တိုက်ဖျက်နိုင်ရန်ဖြစ်သည်။
သိပ္ပံပညာရှင်များက ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကို အနာဂတ်တွင် လူတို့အသက်ရှင်နိုင်ရန် အကောင်းဆုံးဟု သတိပေးလာသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အပူချိန်ကို ထိန်းညှိရန် အရေးပေါ် အခြေအနေအဖြစ် ယူဆနိုင်ကာ ၂၀၁၅ ခုနှစ်က ကမ္ဘာ့အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်အောက် ၁ ဒသမ ၅ တွင် ထားနိုင်ရန် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက တညီတညွတ်တည်း သဘောတူညီခဲ့ကြ သည်။
ကမ္ဘာကြီးသည် စက်မှုခေတ်မတိုင်မီကထက် အပူချိန် ၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ပိုတိုးလာခဲ့ပြီး အမေဇုန်မြစ်ဝှမ်း ဒေသ၊ သြစတြေးလျနှင့် အမေရိကန်တို့၌ တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ခြင်းက သက်သေဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် ရေခဲမရှိသော နွေရာသီများကို ရင်ဆိုင်ရတော့မည်ဟု သတိပေးလာပြန်သည့်အတွက် ကမ္ဘာ့အပူချိန် ပြောင်းလဲမှုကို ထိန်းချုပ်ရန် ချက်ချင်းဆောင်ရွက်ရတော့မည် ဖြစ်သည်။
အကယ်၍ ယခုမျိုးဆက်သာ ကမ္ဘာကြီး ကို အကောင်းမွန်ဆုံး မကုသနိုင်ပါက အနာဂတ်လူသားမျိုးဆက်အတွက် မဖြစ်မနေထားခဲ့ရမည့် အမွေက ပူပြင်းခြောက်သွေ့ပြီး နေချင်စရာမကောင်းသော ယိုယွင်းနေသည့် ကမ္ဘာကြီးသာ ဖြစ်လာနိုင်သည်။ ထို့ကြောင့် မျိုးဆက်သစ်တို့၏ သမိုင်းတရားခံ မဖြစ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ကုစားရေးကို ကမ္ဘာပေါ်ရှိ လူသားတိုင်း လက်တွဲညီညီ ဆောင်ရွက်ကြရန် သဘာ၀ပတ်ဝန်းကျင် ပညာရှင်များက တိုက်တွန်း ခြင်းဖြစ်သည်။
ပဲရစ်သဘောတူညီချက် အတိုင်းသာ အစီအစဉ်တကျ ဖြစ်လာခဲ့မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်မှစ၍ ကာဗွန်လျှော့ချရေး လုပ်ငန်းစဉ်များကို နိုင်ငံပေါင်း ၁၉၆ နိုင်ငံစလုံး မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သည်။ ချမ်းသာပြီး ဖွံ့ဖြိုးသည့် နိုင်ငံကြီးများက ရန်ပုံငွေအများစု ထည့်ဝင်ပြီး ဖွံ့ဖြိုးဆဲဆင်းရဲသည့် နိုင်ငံငယ်လေးများအတွက် နည်း ပညာအကူအညီပေးရေး လုပ်ငန်းစဉ်များပါသည့် ပဲရစ်သဘောတူညီချက်ထဲမှ ဒေါ်နယ်ထရမ့်က အမေရိကန်ကို ဆွဲထုတ်သွားခဲ့သည့်အတွက် အကောင်းဆုံးပုံပေါ်မလာခဲ့ပေ။
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် သဘောတူညီချက်အတိုင်း ကမ္ဘာအနှံ့လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည်မှာ ရန်ပုံငွေပြဿနာကြောင့် ဖြစ်သည်။ အကယ်၍ အိုဘားမားလက်ထက်က သဘောအတိုင်းဆိုလျှင် အမေရိကန် ဦးဆောင်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံဖြင့် သဘောတူညီချက်ကို စတင်အသက်သွင်းရမည်ဖြစ်သည်။ ထို့ပြင် သန့်ရှင်းစွမ်းအင် ထုတ်လုပ်ရန် နည်းပညာအကူအညီပေးရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး အိန္ဒိယကို နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရေးအထိ ကြီးမားသည့် စီမံကိန်းများ ပါဝင်မည်ဖြစ်သည်။
ယခု ပဲရစ်သဘောတူညီချက်သည် ထရမ့်ကြောင့် အပြောင်းအလဲဖြစ်သွားခဲ့သည်။ အမေရိကန် နုတ်ထွက်သွား ခဲ့သည့်အတွက် တရုတ်က ရန်ပုံငွေ အဓိကပံ့ပိုးသည့်နိုင်ငံဖြစ်လာပြီး အလိုအလျောက် ဦးဆောင်သူ ဖြစ်လာခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသည့် အွန်လိုင်းညီလာခံတွင်လည်း တရုတ်သမ္မတရှီကျင့်ဖျင်က ၂၀၆၀ ပြည့်နှစ် အရောက်တွင် တရုတ်၏ ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်ရေး ကတိကဝတ်ပြုခဲ့ပြီး သဘောတူညီချက်ကို လိုက်နာ ကြောင်းပြသခဲ့သည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ထုတ်လွှတ်မှုကို ၂၀၀၅ ခုနှစ်ကထက် ၆၅ ရာခိုင်နှုန်း လျှော့ချပြီး အစိမ်းရောင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို နောက်ထပ် ၂၅ ရာခိုင်နှုန်း တိုးမြှင့် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကာဗွန်စုပ်ယူနိုင်သည့် သစ်တောများကိုလည်း ၂၀၀၅ ခုနှစ်ကထက် ကုဗမီတာ ၆ ဘီလီယံအထိ တိုးမြှင့်စိုက်ပျိုးမည် ဖြစ်ကာ နေစွမ်းအင်နှင့် လေစွမ်းအင်နှစ်ခုတည်းမှ စွမ်းအင်မီဂါဝပ် ၁ ဒသမ ၂ ဘီလီယံကျော် ရအောင်လည်း ဆောင်ရွက်မည်ဖြစ်သည်။
တရုတ်တို့အတွက် အဓိကစိန်ခေါ်မှု က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ စွမ်းအင်အတွက် အများဆုံးအသုံးပြုနေရ သည့်အချက်ဖြစ်သည်။ တစ်ဖက်တွင် ရေနံကဲ့သို့ ရုပ်ကြွင်းလောင်စာသုံးစွမ်းအင် စက်ရုံများနှင့်ပေါင်းလိုက်လျှင် ကာဗွန်ထုတ်လွှတ်မှု ၇၅ ရာခိုင်နှုန်းရှိနေသည့်အတွက် ကတိကဝတ်များတည်ရန် တရုတ် တို့ စီမံကိန်းများကို အမေရိကန်ဒေါ်လာ ဘီလီယံဆယ်နှင့်ချီ သုံးရမည် ဖြစ်သည်။
ယခုနောက်ပိုင်း သမ္မတရှီကျင့်ဖျင်က ယခင်ပေးထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကတိကဝတ်များကို လိုက်ဖြည့်ဆည်းနေသည့်အတွက် အစိမ်းရောင်စွမ်းအင်ကဏ္ဍ ထိပ်ဆုံးရောက်ရန် ကြိုးစားနေသည့် အချက်ကတော့ ထင်ရှားသည်။ တရုတ်ပြည်သူ့တပ်မတော်မှ စစ်သားသိန်းချီခေါ်ကာ သစ်တောဧက မိုင်ပေါင်း သန်းရာချီအထိ စိုက်ပျိုးပြခဲ့ပြီး အနောက်အုပ်စုကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့သည်။
ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတွင် တရုတ်တို့ ဘီလီယံရာချီ ရင်းနှီး မြှုပ်နှံထားခြင်းကလည်း ရှီကျင့်ဖျင်၏ စကားအတိုင်း ဆောင်ရွက်နေခြင်းဟု ဆိုနိုင်ကာ မိနစ် ၃၀ တွင် လေတာဘိုင်တစ်ခုတည် ဆောက်သည်ဆိုသော စံချိန်ကို တရုတ်တို့ ရခဲ့ဖူးသည်အထိဖြစ်သည်။ ကျောက် မီးသွေးစက်ရုံများစွာကိုလည်း ပိတ်လိုက် ပြီး ကာဗွန်လျှော့ချ ရေးအတွက် နောက်ဆုံး နည်းပညာများဖြင့် အစားထိုး အသုံးပြုလာ သည်။
နောက်ပိုင်း တရုတ်ကျောက်မီးသွေး စက်ရုံများတွင် စရိတ်ကြီးသော ကာဗွန်ပေါင်းခံသည့် နည်းပညာများ အသုံးပြုလာ ပြီး နျူကလီးယားဓာတ်ပေါင်းဖိုများစွာဖြင့် အစားထိုးလာသည်။ တရုတ်နျူကလီးယား ဓာတ်ပေါင်းဖိုများကို ဂျပန်ဖူကူရှီးမား ဓာတ်ပေါင်းဖို ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ပြီး ယခု လည်ပတ် ရေးလုပ်ငန်း စဉ်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က သမ္မတစကားစစ်ထိုးပွဲကာလ ကတည်းကပင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံတန်ကြေးရှိသည့် အစိမ်းရောင်စွမ်းအင် စီမံကိန်းကို ချပြခဲ့သည်။ ပဲရစ်သဘောတူညီချက်ကို ပြန်လည် ဝင်ရောက်မည်ဟုလည်း ပြောထားပြန် သည့်အတွက် အစိမ်းရောင်စွမ်းအင်ကဏ္ဍ၌ တရုတ်နှင့် အမေရိကန်တို့ လာမည့်နှစ်များတွင် ယှဉ်ပြိုင်ကြရဦးမည်ဖြစ်ကာ ထို အချက်က ကမ္ဘာကြီးအတွက် အကောင်းဆုံး အချက်ဖြစ်သည်။
ကမ္ဘာပေါ်၌ စစ်ရေးများယှဉ်ပြိုင်ခြင်းထက် သဘာဝပတ်ဝန်းကျင်အရေး ထိပ်ဆုံးရောက်ရန် ယှဉ်ပြိုင်ခြင်းက အားလုံးအတွက် အကောင်းမွန်ဆုံးဖြစ်လာနိုင်ကာ ဂျာမနီ က ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ် မှု သုညအထိ လျှော့ချမည်ဟု ကတိပေးထားသည်။ ဂျိုးဘိုင်ဒင်သာမက အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီကလည်း ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန်ကာဗွန် ထုတ်လွှတ်မှု သုညအထိလျှော့ချမည်ဟု ကတိပေးထားပြန်သည့်အတွက် ရေရှည် ရည်မှန်းချက်များ ယခုအချိန်အထိ ခိုင်မာနေဆဲဖြစ်သောကြောင့် ယခုရာစုနှစ်ကုန်တွင် ကမ္ဘာ့အပူချိန် ဆိုးဆိုးရွားရွား မြင့်တက်လာမည်မဟုတ်ကြောင်း ပညာရှင်များက အကောင်းဘက်မှ မြင်နေကြပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Ref;CNN