မိုးယံတစ်လွှား ဝင့်ကြွားချီနေ တပ်မတော်(လေ)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်သည် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၃)နှစ်ပြည့်မြောက် သည့်နေ့ဖြစ်သည်။ တပ်မတော်သည် အမျိုးသားအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်အတွက် ကြည်း၊ ရေ၊ လေတပ်မတော်များကို ခေတ်မီပြီးအင်အား တောင့်တင်းစေရန် ကြိုးပမ်းလျက်ရှိသည်။ တပ်မတော် အနေဖြင့် နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်းပြည်ပအန္တရာယ်များကိုကာကွယ်ရန် အဓိကတာဝန် ရှိသည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြရာတွင် သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သည်ချည်းဖြစ်သည်။ ယနေ့ကာလတွင် တပ်မတော်သည် နိုင်ငံ တော် အစိုးရ၏ အုပ်ချုပ်မှုယန္တရား၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်ရင်း တစ်ဖက်မှလည်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ တရားမဝင်လက်နက် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ သစ်ခိုးထုတ်မှုများ စသည်တို့ကို ဖော်ထုတ်ဖမ်းဆီး လျက်ရှိ သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၇)ပုဒ်မ ၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက် ရမည်ဟူ၍ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တပ်မတော်သည် ပြည်သူလူထုအတွက်ဆိုလျှင် အချိန်နှင့်တစ်ပြေး ညီကူညီကယ်ဆယ်ရေး၊ လုံခြုံရေး၊ ကုသရေးများကို လုပ်ဆောင်လျက်ရှိသည်။ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊  မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည့်သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ကလည်း ပြည်သူလူထုလုံခြုံမှုအပေါ် ခြိမ်းခြောက်လျက်ရှိသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် ကူညီကယ်ဆယ်မှုတွင်ထိရောက်လျင်မြန်သည်။ တပ်မတော်(လေ)၏သယ်ယူ ပို့ဆောင်ပေးမှုများကလည်း များစွာအထောက်အကူပြုသည်။

တပ်မတော်(လေ) တပ်ဖွဲ့များအနေဖြင့် မြေပြင်၊ ရေပြင်တပ်ဖွဲ့များနှင့် ပေါင်းစပ်တိုက်ပွဲဝင်ရာတွင်လည်း ရဲရဲဝံ့ဝံ့စွန့်စွန့်စားစား အသက်ပေးလှူတိုက်ပွဲဝင်မှု၊ စွန့်စွန့်စားစားတိုက်ပွဲဝင်ခဲ့မှုများကြောင့် အောင်မြင်မှုများ စွာရရှိခဲ့သည်။ တိုက်ပွဲဝင်ခဲ့ကြသည့် လေသူရဲများ၊ စစ်သည်များ၊ တိုက်ပွဲအောင်နိုင်ရေးအတွက် အားကြိုး မာန်တက် ဆောင်ရွက်ခဲ့ကြသည့် မြေပြင်အရာရှိ၊ စစ်သည်များ၊ ကြီးကြပ်ကွပ်ကဲသူများအားလုံးမှာ နိုင်ငံအတွက် ဂုဏ်ပြုချီးကျူးဖွယ်ဖြစ်သည်။ တပ်မတော်(လေ)တွင် ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်၊ အပေါ့စား တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ စသည်ဖြင့် တပ်မတော်(လေ)နေ့ရောက်တိုင်း တပ်တော်ဝင်ခဲ့ကြသည်။ ထိုသို့တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက် လေကြောင်း စွမ်းအား တိုးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ နိုင်ငံတော် ကာကွယ်ရေးပိုင်းတွင်လည်း စွမ်းရည်ပိုမိုတိုးတက်လာစေသည်။ မြန်မာ့ တပ်မတော်ကို ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံတော်ကို စွမ်းအားပြည့်ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက် လျက်ရှိပြီး တပ်မတော်(လေ)ကိုလည်း အင်အားတောင့်တင်းပြီး နည်းပညာအဆင့်အတန်းမြင့်မားသည့် လေကြောင်း စွမ်းအားပိုင်ဆိုင်သော တပ်မတော်(လေ)အဖြစ်သို့ရောက်ရှိရန် တည်ဆောက်လျက်ရှိသည်။ နိုင်ငံ အတွက်ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အောင်မြင်စွာရင်ဆိုင်ဖြေရှင်းနိုင်ရေး အတွက်  ဒေသတွင်းလေတပ်များနှင့်  ရင်ပေါင်တန်းနိုင်အောင်  ထိရောက်သောလေကြောင်းစွမ်းအား၊ လေကြောင်း အာကာသစွမ်းအားပိုင်ဆိုင်သော တပ်မတော်(လေ)နှင့် ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သော တပ်မတော်(လေ) ဖြစ်စေရန် ရည်မှန်းထားသည်ဟု သိရှိရသည်မှာ နိုင်ငံတော်အတွက် ဝမ်းမြောက်ဖွယ်ဖြစ် သည်။ တပ်မတော်(လေ)၏ အခန်းကဏ္ဍသည် စစ်အောင်နိုင်ရေးတွင်လွန်စွာအရေးပါလှပေသည်။ ထို့ပြင်  ပြည်သူလူထုအတွက်ဝမ်းသာဖွယ်သတင်းမှာ တပ်မတော်(လေ) လေသူရဲရွေးချယ်မှုတွင် အရေးကြီးသည့် ပင်ကိုပါရမီစမ်းသပ်မှု၊ ဆေးစစ်မှုများကိုလေကြောင်းဆေးပညာဗဟိုဌာန၌ ခေတ်မီအထောက် အကူပြုစက် ပစ္စည်းများဖြင့် နိုင်ငံတကာအဆင့်မီလေ့ကျင့်သင်ကြားပေးခြင်း၊ စစ်ဆေးခြင်းနှင့် သုတေသန ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ပြီဟု သိရှိရသည်။ ထို့ပြင်လေသူရဲမွေးထုတ်မှုစနစ်ကိုလည်း နိုင်ငံတကာ လေတပ်များ၏ သင်ရိုးညွှန်းတမ်းများနှင့်နှိုင်းယှဉ်ပြီး  အခြေခံ၊ အကြိုတန်းမြင့်နှင့် တန်းမြင့်သင်တန်းတို့ဖြင့် သင်ကြားပို့ချပေး နိုင်ပြီဖြစ်ကြောင်းသိရှိရသည်။ တပ်မတော်(လေ)၏ ဆောင်ပုဒ်ဖြစ်သည့် “တက်နိုင်ဖျားရောက်” ဆိုသည့် အတိုင်း တပ်မတော်(လေ)၏ အဆင့်အတန်းမြင့်သည်ထက်မြင့်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက် ရပေသည်။     ။