၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်  ဇွန်  ၁၂

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ရေကူးကန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊  ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း နှင့်  ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်တို့မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်  အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ရေကူးအားကစားနည်းသည် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲစသည့် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများတွင် ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့အားကစားနည်းများကဲ့သို့  မဖြစ်မနေထည့်သွင်း ကျင်းပသည့်  အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊  ရွှေတံဆိပ်အများဆုံး ချီးမြှင့် သည့် အားကစားနည်းများထဲတွင် ရေကူးအားကစားနည်း ပါဝင်ကြောင်း၊ ထို့ပြင် အားကစားသမား တစ်ဦးတည်းက ဆုတံဆိပ်များစွာရယူပေးနိုင်သည့် အားကစားနည်းတစ်ခုအဖြစ်လည်း တွေ့ရှိရမည်ဖြစ် ကြောင်း။

ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစား ပြိုင်ပွဲများကျင်းပရာတွင် ရေကူးအားကစား နည်းကို မပျက်မကွက်ထည့်သွင်းကျင်းပ ပေးခဲ့ကြောင်း၊ ရေကူးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရန်အတွက် အရည်အချင်းရှိပြီး နုပျိုထက်မြက်သည့် မျိုးဆက်သစ် အားကစား သမားများ စဉ်ဆက်မပြတ် ရှိနေရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင် ယခုပြိုင်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများကို ကြီးကြပ်ကွပ်ကဲ လိုက်ပါလာကြသည့် အုပ်ချုပ်မှုအဖွဲ့များအနေဖြင့်လည်း မိမိတို့အသင်း အဆင့်မြင့်မြင့် ယှဉ်ပြိုင်အောင်ပွဲခံနိုင်ရေးအတွက် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းတွင် အဆင့်ဆင့်သော ပြိုင်ပွဲများကျင်းပပြီး စနစ်တကျ လူရွေးချယ်ကာ အချိန်အတိုင်းအတာတစ်ခုအထိ စခန်းသွင်းလေ့ကျင့် လာရောက်ယှဉ်ပြိုင်ခြင်း မျိုးဖြစ် အောင်  ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

အားကစားမောင်/မယ်များအနေဖြင့်လည်း မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအောင်နိုင်ရေးအတွက်  မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ် ပြသပြီး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင် သွားကြစေ လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို  အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ် ဆောင်   အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းပြော ကြားပြီး   ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်  တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးရေကူးပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ   လူငယ်များ ရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ရေကူးမျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍  ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီးအသင်း ၁၁ သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)