ငြင်းလို့မရတဲ့  AA အဖွဲ့၏  မူးယစ်ဆေးဝါးကုန်သွယ်မှု

 

ငြင်းလို့မရတဲ့  AA အဖွဲ့၏  မူးယစ်ဆေးဝါးကုန်သွယ်မှု

ယခုတလော ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်မှု၊ ဘင်္ဂါလီကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုများကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ စောင့်ကြည့်အရေးယူခံနေရတဲ့   AA အဖွဲ့ဟာ   မူးယစ်ဆေးဝါးကုန်သွယ်မှု အကြီးအကျယ်ပြုလုပ်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ 

၂၀၀၉  ခုနှစ်ကစတင်ပြီး  KIA နယ်မြေမှာစတင်ပေါ်ပေါက်ခဲ့တဲ့   AA အဖွဲ့ဟာ   သူတို့အဖွဲ့ရပ်တည်နိုင်ရေးအတွက် သူ့ဆရာ KIA အပါအဝင် UWSA၊ MNDAA၊ TNLA တို့ လမ်းစဉ်အတိုင်း  ဘဏ္ဍာငွေကြေးရရှိဖို့ မူးယစ်ဆေးဝါးနဲ့ အဓိကဝင်ငွေရှာဖွေခဲ့ ပါတယ်။ AA အဖွဲ့ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက ယခုအချိန်ထိ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းများမရှိသလို  ရခိုင် ပြည်သူများထံမှ     ဆက်ကြေးငွေ လုံလုံလောက်လောက်မရရှိလို့   ရိက္ခာ၊ လက်နက်၊  ခဲယမ်းဝယ်ယူနိုင်ရေး မူးယစ်ဆေးဝါး ကုန်သွယ်မှုကနေရရှိတဲ့ဝင်ငွေကို အဓိကအားထားနေရပါတယ်။

AA အဖွဲ့ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက်သောင်းကျန်းသူများရဲ့   လမ်းစဉ်အတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊  သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းများကို ပင်မစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ပြီးသူတို့အဖွဲ့ ရှင်သန်ရပ်တည်ရေးအတွက် မူးယစ်ဆေးဝါးများကိုပြည်တွင်းမှာ ဖြန့်ဖြူးခြင်းသာမက ပြည်ပနိုင်ငံများ ကိုပါ တင်ပို့ရောင်းဝယ်ဖောက်ကားလျက်ရှိပါတယ်။ ဒါကြောင့်လည်း    မကြာခဏ ဖမ်းဆီးရမိနေတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများမှာ AA တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်မှုများကို မြင်တွေ့ ကြားသိနေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၉ ကြိမ်ရှိခဲ့ပြီး မူးယစ်ဆေးဝါးကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံကျပ် (ဒေါ်လာသန်း ၁၄၀၀ ကျော်) ရှိခဲ့ကြောင်း သိရှိရပါတယ်။ အဲ့ဒီလို  ဖမ်းဆီးရရှိမှုတွေထဲက သိသာထင်ရှားပြီး ငြင်းလို့မရတဲ့ ဖြစ်စဉ်တစ်ခုကို ဥပမာပေးရရင်တော့  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အတွင်းက  မြန်မာကျပ်ငွေ ၅၁ ဒသမ ၈၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်) တန်ဖိုးရှိတဲ့ အိုက်စ် ၂ ဒသမ ၀၇ တန် အပါအဝင် ကဖင်း ၈၀၀ ကီလိုဖမ်းဆီးရမိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ AA ခေါင်းဆောင်   ထွန်းမြတ်နိုင်ရဲ့ စေခိုင်းချက်အရ   သူ့ရဲ့လူယုံတော်၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး (ခ) မောင်နိုင် (ခ) သားသား (ခ) ဝေသာထွန်းရဲ့ စီစဉ်ကြိုးကိုင်မှုနဲ့ AA တပ်ဖွဲ့ဝင် အရာရှိ (၄) ဦး၊ အခြားအဆင့်(၃) ဦး၊ အရပ်သား (၈) ဦး ပါဝင်တဲ့ မူးယစ် ဆေးဝါးသယ်ဆောင်တဲ့  ဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ AA တပ်ဖွဲ့ဝင်များကို စစ်ဆေးဖော်ထုတ်ချက်များအရ  ရှမ်းပြည်နယ်ထဲက  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေထုတ်လုပ်တဲ့  အိုက်စ်နဲ့ စိတ်ကြွဆေးပြားများကို  AA အဖွဲ့က မန္တလေး၊ ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကားလမ်း၊ ရေလမ်းမှ သယ်ယူပို့ဆောင်ပြီး ရခိုင်ပြည်နယ်အတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်များသို့   ဖြန့်ဖြူးခြင်း၊  ရခိုင် ပင်လယ်ပြင်မှတစ်ဆင့်    မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့   ပို့ဆောင်ပြီး အဲ့ဒီနိုင်ငံတွေမှတစ်ဆင့်  အခြားပြည်ပ ဈေးကွက်များသို့ အဓိကထားတင်ပို့ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

AA   မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းမှာ တာဝန်ပေးအပ်ခံရသူများဟာ AA ခေါင်းဆောင်  ထွန်းမြတ်နိုင်ရဲ့ လူယုံများဖြစ်ပြီး KIA နယ်မြေ လိုင်ဇာမှာရှိတဲ့ AA ဌာနချုပ်မှာ   တာဝန်ထမ်းဆောင်နေသူများ  အများစုဖြစ်ကြောင်း၊ အဖမ်းခံရသူများအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ်  လုပ်နေခြင်းမဟုတ်ဘဲ AA အဖွဲ့အစည်းအတွက် တာဝန်ပေးအပ်ခံရလို့   လုပ်ဆောင်ရခြင်းဖြစ်ပြီးအခြား AA အဖွဲ့ဝင်များထက်  လစာနှင့် အခွင့်အရေးများကို   ပိုမိုရရှိကြောင်း၊ ပို့ဆောင်သူ၊ သယ်ဆောင်သူ၊ ရောင်းချသူများကို အကန့်စနစ်ဖြင့် လုပ်ဆောင်ထားပြီး    မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ စီမံခန့်ခွဲမှုဖြင့် အသုံးပြုရကြောင်း၊ လက်နက်မှောင်ခိုဂိုဏ်းများနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့ စိတ်ကြွဆေးပြား အလဲအလှယ်ပြုလုပ်လေ့ရှိကြောင်း၊ မူးယစ်ဆေးဝါးမှရရှိတဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းခန့်ကို   လက်နက်ခဲယမ်း   ဝယ်ယူဖြည့်တင်းမှုများ  ပြုလုပ်လေ့ရှိကြောင်း သိရှိရပါတယ်။

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးဈေးကွက်ဟာ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံများနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများအထိ နိုင်ငံတကာ    မူးယစ်ဆေးဝါးဂိုဏ်းများနဲ့ ချိတ်ဆက်ထားပါတယ်။ အဓိကတင်ပို့ရာ လမ်းကြောင်းကတော့   မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားတဲ့  နယ်မြေတွေကနေ ထွက်ရှိတဲ့ စိတ်ကြွဆေးပြားများနဲ့ အိုက်စ်တွေကို မန္တလေးမှတစ်ဆင့်  ရေလမ်းကြောင်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရန်အတွက် ရန်ကုန်ဆိပ်ကမ်းများအသုံးပြုပြီး ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်မှ တစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှားတို့သို့ တင်ပို့ပါသည်။ ကုန်းလမ်းကြောင်းကိုတော့ မန္တလေးမှတစ်ဆင့် မိတ္ထီလာ၊  ပျော်ဘွယ်၊  မကွေး၊ ပဒါန်းလမ်းအတိုင်း    ကျောက်တော်၊ မြောက်ဦးမြို့တို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ တင်ပို့လျက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်မူးယစ်ဆေးဝါးထိန်းချုပ်ရေးဦးစီးဌာန  (Department   of Narcotics Control-DNC) မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စိတ်ကြွဆေးပြားသုံးစွဲသူ   ၈ သန်းခန့်ရှိပြီး လွန်ခဲ့တဲ့သုံးနှစ်အတွင်း   နှစ်စဉ် Yaba စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု   ကမ္ဘာ့ထိပ်တန်း ၅ နိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း၊ နှစ်စဉ်နှစ်တိုင်း DNC အဖွဲ့က Yaba စိတ်ကြွဆေးပြား သန်း ၅၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊  ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားများဟာ AA အဖွဲ့ ထိန်းချုပ်နယ်မြေများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှုများ၏နောက်ကွယ် တွင်  AA တပ်ဖွဲ့ဝင်များကိုယ်တိုင်   ပါဝင်ပတ်သက်မှုရှိကြောင်း DNC အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထား ရှိပါတယ်။

AA အဖွဲ့ စတင်ပေါ်ပေါက်လာပြီး နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း Yaba စိတ်ကြွဆေးပြားများ သိသိသာသာပေါများလာပြီး  ရခိုင်လူငယ်များသာမက ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများမှာလည်း စိတ်ကြွဆေးပြားသုံးစွဲသူတွေ များပြားလာခဲ့ပါတယ်။ အထူးသဖြင့် အချို့တိုက်ပွဲများအတွင်း သေဆုံးသူ AA တပ်ဖွဲ့ဝင်များဟာ စိတ်ကြွဆေးပြား သုံးစွဲထားတဲ့ အထောက်အထားများစွာရှိနေပြီး AA တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါးတိုက်ကျွေးပြီး တိုက်ပွဲဝင်ခိုင်းတဲ့သတင်းများလည်း ထွက်ပေါ်လျက်ရှိပါတယ်။

AA အဖွဲ့ဟာ ရခိုင်လူမျိုးအများစုနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ဖြစ်ပေမယ့် ရခိုင်လူမျိုးတိုင်းက လက်ခံထားတဲ့ အဖွဲ့အစည်းမဟုတ်သလို ရခိုင် ပြည်နယ်နဲ့  ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့   အဖွဲ့ မဟုတ်ပါဘူး။ ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ်ကို ချနင်းပြီး လူမျိုးရေးအစွန်းရောက်စိတ်နဲ့ ကိုယ်ကျိုးရှာရခိုင်လူမျိုးတစ်စုက ဦးဆောင်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို   ပျက်ပြားအောင်လုပ်ဆောင်နေတဲ့  အကြမ်းဖက်လက်နက်ကိုင် မူးယစ်ဆေး ကုန်သွယ်မှု  အကြီးအကျယ်လုပ်နေတဲ့ အဖွဲ့သာဖြစ်ပါတယ်။

လူမျိုးရေးအစွန်းရောက်စိတ်နဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု လုပ်ငန်းများကြောင့် AA အဖွဲ့ဟာ အင်အားကြီးထွားလာပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်မှုများ၊ အနိုင်ကျင့်နှိပ်စက်တဲ့လုပ်ရပ်များကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာတာ တွေ့ရှိရပါတယ်။

ယခင်က ရခိုင်နဲ့ဘင်္ဂါလီလူမျိုးများအကြား ဖြစ်ပွားလေ့ရှိတဲ့ ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေနဲ့အညီ ထိန်းညှိပေးထားပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ပေးထားနိုင်ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်များမရှိတဲ့ နောက်မှာ  ဒေသခံများအပေါ်  AA အဖွဲ့ရဲ့ တရားဥပဒေမဲ့ ပြုကျင့်မှုများဟာ ထင်ရှားစွာပေါ်ထွက်လာပြီး နိုင်ငံတကာက AA အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို သတိပြုမိလာပြီဖြစ်ပါတယ်။ 

အမှန်စင်စစ်  ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် မောင်တောဒေသက ဘင်္ဂါလီလူမျိုးတွေကိုသတ်ဖြတ်ကာ နေအိမ်များအား  မီးရှို့ဖျက်ဆီးမှုတွေကို လုပ်ဆောင်လာလို့ ကမ္ဘာ့နိုင်ငံများက အာရုံစိုက်ခံနေရတဲ့ အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ဟာ  မူးယစ်ဆေးဝါးနဲ့ ဘဏ္ဍာငွေရှာဖွေပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို  လုပ်နေတဲ့အဖွဲ့ဖြစ်လို့ လူသားမျိုးနွယ် တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိတဲ့   မူးယစ်ရာဇာများဖြစ်ကြောင်း  နိုင်ငံတကာကသိရှိအောင် မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းဟာ လူသက်သေ၊ ပစ္စည်းသက်သေအထောက်အထားများ ခိုင်ခိုင်မာမာရှိလို့ ငြင်းလို့မရသလို မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချမှုကို အဓိကပင်မဝင်ငွေရရှိရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဖြစ်လို့  AA အဖွဲ့ကို အားပေးအားမြှောက်မပြုလုပ်ကြရန် နိုင်ငံတကာကို တိုက်တွန်းအသိပေးလိုပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အရှိန်အဟုန်မြှင့်လုပ်ဆောင်နေသလို   AA အဖွဲ့ရဲ့မူးယစ်ကုန်သွယ်မှုလမ်းကြောင်းများကိုပိတ်ဆို့ပြီး  မူးယစ်ဆေးဝါး သယ်ဆောင်မှုများ ကို ဖမ်းဆီးရမိရေး အလေးထားလုပ်ဆောင်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံများရဲ့ ထွက်ဆိုချက်၊ သက်သေအထောက်အထားများအရ ဗဗ အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းများဟာ ငြင်းလို့မရနိုင်ဘဲ နိုင်ငံတကာမှာရှိတဲ့   မူးယစ်ရာဇာများ၊ တရားမဝင်လက်နက်မှောင်ခိုဂိုဏ်းများ၊ နယ်စပ်ဖြတ်ကျော်  လူကုန်ကူးမှုများနှင့် ပတ်သက်ဆက်နွှယ်မှုများရှိနေကြောင်း ဖော်ထုတ်ရေးသားလိုက်ရပါတယ်။

မင်းခန့်