၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်၏ ခရီးသွားလုပ်ငန်းက ဂျီဒီပီအတွက် ၁၄ ရာခိုင်နှုန်း အထောက်အကူပြုမည်

 

၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်၏ ခရီးသွားလုပ်ငန်းက ဂျီဒီပီအတွက် ၁၄ ရာခိုင်နှုန်း အထောက်အကူပြုမည်

 

    ဗီယက်နမ်၏ ခရီးသွားလုပ်ငန်းသည် လာမည့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဂျီဒီပီအတွက် ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင်  ၁၄  ရာခိုင်နှုန်းအထိ အထောက်အကူပြုမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ဇွန်လ ၁၄ ရက်တွင် ဖော်ပြသည်။

အစိုးရသည် နိုင်ငံ၏ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ၂၀၂၁-၂၀၃၀ ပြည့်နှစ်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်းတစ်ရပ်ကို အတည်ပြုခဲ့ပြီး ယင်း စီမံကိန်းအရ လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် နိုင်ငံအတွင်းသို့ အခြားပြည်ပ နိုင်ငံများမှ ခရီးသည်အရေအတွက် ၃၅ သန်းအထိ လာရောက်လည်ပတ်မည်ဟု မျှော်မှန်းထားသည်။ ထို့ပြင်  ယင်းကာလအတွင်း ပြည်တွင်းခရီးသွားလာသည့် ဗီယက်နမ် နိုင်ငံသား ခရီးသွားဦးရေမှာ  သန်း  ၁၆၀ အထိမြင့်တက်လာမည်ဟု အစိုးရကမျှော်မှန်းထားကြောင်း သိရသည်။

အလားတူပင် လာမည့် ၂၀၄၅ ခုနှစ်ခန့်တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ပြည်ပခရီးသွားဦးရေမှာ သန်း ၇၀ အထိမြင့်တက်လာနိုင်သောကြောင့် ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် အခွန်အဖြစ် ဒေါ်လာ ၂၈ ဒသမ ၆၈ ဘီလီယံခန့် ရှာဖွေ ပေးနိုင်မည်ဖြစ်သည်။ ယင်းပမာဏသည် နိုင်ငံ့ဂျီဒီပီ၏ ၁၇ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားဦးရေမှာ ယခု ၂၀၂၄  ခုနှစ် ပထမငါးလအတွင်းမှာပင် ၇ ဒသမ ၆ သန်းရှိကြောင်း သိရသည်။