မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တွံတေးမြို့ပေါ်ရှိ တွံတေးမြို့မ ရဲစခန်းအချုပ်ခန်းနှင့် မိဘဂုဏ် ဘိုးဘွားရိပ်သာကို ကြည့်ရှုစစ်ဆေး

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တွံတေးမြို့ပေါ်ရှိ တွံတေးမြို့မ ရဲစခန်းအချုပ်ခန်းနှင့် မိဘဂုဏ် ဘိုးဘွားရိပ်သာကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန်  ၁၄

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄  ပြဋ္ဌာန်းချက်နှင့်အညီ   ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး   တွံတေးခရိုင် တွံတေးမြို့ပေါ်ရှိ   တွံတေးမြို့မရဲစခန်း အချုပ်ခန်းနှင့် မိဘဂုဏ်ဘိုးဘွားရိပ်သာတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် တွံတေးမြို့ပေါ်ရှိ   မြို့မရဲစခန်းအချုပ်ခန်းကို ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရမန်ကာလ အခြေအနေ၊ အမှုစစ်ဆေးစဉ် ကာလအတွင်း  ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ၊ မိသားစုတွေ့ဆုံမှု အခြေအနေ၊ တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်ချိန်အတွင်း နေထိုင်စားသောက်ရမှု အခြေအနေ၊ အချုပ်ခန်းအတွင်း  မိလ္လာသုံးစွဲမှု အခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို    ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ တွံတေးမြို့နယ်ရှိ မိဘဂုဏ် ဘိုးဘွားရိပ်သာကိုလည်း ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် လက်ခံစောင့်ရှောက် ပေးလျက်ရှိသော   ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့်အာဟာရဖြည့် ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ   ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊  ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုနှင့် ဘိုးဘွားများအနားယူ အပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ ကော်မရှင်ဥပဒေနှင့် အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။