ပြည်ကြီးတံခွန်မြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

ပြည်ကြီးတံခွန်မြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ မြဝတီသီလရှင်စာသင်တိုက်ရှိ သာသနာနွယ်ဝင် သီလရှင်များအား ယနေ့နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါစာသင် တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ တလုပွင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းလေးကျေးရွာမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဗုဒ္ဓရတနာ ရောင်ခြည် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သာသနာ့နွယ်ဝင် သီလရှင် ၁၆၆ ပါးနှင့်  ဒေသခံပြည်သူ ၉၈ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အဆစ်အမြစ် ရောင်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ တီဘီ ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်‌ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။