ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက် (၂၆)

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက် (၂၆)

 

ယမန်နေ့မှအဆက်

ငမိုးရိပ်ရေလှောင်တမံ

    ငမိုးရိပ်ရေလှောင်တမံကိုလည်း ရန်ကုန်မြို့တော်ပတ်ဝန်းကျင် စိုက် ပျိုးရေရရှိရေးနှင့် မြို့တော်ရေရရှိရေးအတွက် ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်တွင် လှည်းကူးမြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည်။ ရေသိုလှောင်မှု ပမာဏမှာ ကုဗမီတာသန်းပေါင်း ၂၂၁ သန်း(၁၈၀၀၀၀ ဧကပေ) ရှိသည်။ ငမိုးရိပ်ရေလှောင်တမံ၏ အထက်ဘက်တွင် ငမိုးရိပ်ရေကူ ရေလှောင်တမံနှစ်ခုကို ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ရေသိုလှောင်ပမာဏ မှာ ကုဗမီတာ ၂၀၇ သန်း (ဧကပေ ၁၇၃၂၀၀) ရှိသည်။

အဆိုပါငမိုးရိပ်ဆည်မှရေကို ရန်ကုန်မြို့ထိ ဆက်သွယ်ယူ၍ ရေပေး ဝေရေးနှင့် စိုက်ပျိုးရေးအတွက် အသုံးပြုလျက်ရှိသည်။

အဆိုပါရေလှောင်တမံများနှင့် ရေလှောင်ကန်များမှ ရန်ကုန်မြို့သို့ ပေးပို့နေသော ရေပမာဏကို အောက်ပါအတိုင်း တွေ့ရပါမည်။

လက်ရှိ ရန်ကုန်မြို့တော်သို့ ရေပို့လွှတ်နေသော ရေအရင်းအမြစ်များ(၂၀၂၀ ခုနှစ်)

ဆည်၊ ရေလှောင်ကန်၊ အရင်းအမြစ် နေ့စဉ်ရေပို့လွှတ်မှု (ဂါလန်သန်း)

လှော်ကား                                            ၁၄

ဖူးကြီး                                                ၅၄

ဂျိုးဖြူ                                                ၂၇

ငမိုးရိပ်(အဆင့်-၁)                               ၄၅

ငမိုးရိပ်(အဆင့်-၂)                               ၄၅

မြေအောက်ရေ(အဝီစိတွင်း)၄၂၅ တွင်း   ၁၆

စုစုပေါင်း                                         ၂၀၁ (ဂါလန်သန်းပေါင်း)

ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်သော လူဦးရေတိုးတက်မှုနှုန်းနှင့် မြို့ဖွံ့ဖြိုးမှု နှုန်းအရ ရန်ကုန်မြို့တော် သောက်သုံးရေဖူလုံရေးမှာ အလွန်အရေးကြီး သော လုပ်ငန်းကြီး တစ်ရပ်ဖြစ်လာခဲ့သည်။

ပညာရှင်များ၏ခန့်မှန်းချက်အရ နေ့စဉ်ရေလိုအပ်ချက်မှာ-

၂၀၂၀ ခုနှစ် လက်ရှိဖြည့်ဆည်းပေးနိုင်မှု       ၂၀၁ ဂါလန်သန်း

၂၀၂၅ ခုနှစ် ခန့်မှန်းလိုအပ်ချက်                 ၂၅၈ ဂါလန်သန်း

၂၀၃၀ ခုနှစ် ခန့်မှန်းလိုအပ်ချက်                 ၃၃၄ ဂါလန်သန်း

၂၀၃၅ ခုနှစ် ခန့်မှန်းလိုအပ်ချက်                 ၄၂၂ ဂါလန်သန်း

၂၀၄၀ ခုနှစ် ခန့်မှန်းလိုအပ်ချက်                 ၅၂၅ ဂါလန်သန်း

အသီးသီးတိုးတက် လိုအပ်လာမည်ဟု ခန့်မှန်းသည်။

ဤသို့ တိုးတက်များပြားလာမည့် သောက်သုံးရေ လုံလောက်စွာရရှိရေး အတွက် အောက်ပါနည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။

(က) မြေပေါ်ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးပြုခြင်း

(ခ) မြေအောက်ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးပြုခြင်း

(ဂ) ပင်လယ်ရေကိုပြုပြင်သုံးစွဲခြင်း

(ဃ) စွန့်ပစ်ရေကို ပြန်လည်ပြုပြင်သုံးစွဲခြင်း

ဖော်ပြပါနည်းအားလုံး အနက်  မြေပေါ်ပြန်လည်ပြည့်ဖြိုးမြဲ ရေကို လိုအပ်သည့် နေရာအရောက် သွယ်ယူအသုံးပြုခြင်း နည်းသည်သာ ရေရှည်တွင် ရေတန်ဖိုး သက်သာစေခြင်း အပါအဝင် ဘက်စုံအကျိုးဖြစ်ထွန်းစေသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်မှာလည်း မီလီမီတာ ၂၅၀၀(လက်မ ၁၀၀) ဝန်းကျင်ရှိနေ၍ ဤနည်းသည် အသင့်လျော်ဆုံးနည်းဖြစ်သည်။ မြေပေါ်ပြန်လည်ပြည့်ဖြိုးမြဲရေ လုံလောက်နေပါက မြေအောက်ရေကို သုံးစွဲမှုလျှော့သင့်သည်။

ပင်လယ်ရေကို ရေချိုပြုလုပ်ခြင်းကိစ္စမှာ ရေချိုရရှိရေး အခြားနည်း ဖြင့် ဖြေရှင်းရန် မဖြစ်နိုင်သည့်နိုင်ငံများတွင်သာ အဓိကသုံးစွဲကြသည်။ မိမိတို့နိုင်ငံတွင် မိုးရေချိန် နှစ်စဉ် ပျမ်းမျှရွာသွန်းမှုမှာ လုံလောက်သည့်အပြင် ပိုလျှံနေသည့်အတွက်ကြောင့်လည်းကောင်း၊ ရေချိုရရှိစေမည့် ပြန်လည်ပြည့်ဖြိုးမြဲမြစ်ချောင်းများ    လက်ညှိုးထိုးမလွဲရှိနေ၍ လည်းကောင်း ပင်လယ်ရေကို ပြုပြင်သုံးစွဲရန် မလိုအပ်ပါ။

စတုတ္ထနည်းလမ်းဖြစ်သော သုံးစွဲပြီးရေကို ပြန်လည်သန့်စင်ပြီးသုံးခြင်း နည်းမှာ ရေချိုရှာရအလွန်ခက်သော အစ္စရေးနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုကဲ့သို့နိုင်ငံများမှာ သုံးစွဲနေသည့်နည်း ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဤနည်းကို သုံးစွဲရန်လိုအပ်သည်အထိ ရေချို ရှားပါးနေသည့်နိုင်ငံမဟုတ်၍ ဤကိစ္စ လောလောဆယ် မေ့ထားသင့်သည်။

လက်ရှိ  ရန်ကုန်မြို့တွင်  ရေချိုဖြန့်ဖြူးနေသော ပင်မရေပိုက်များ၊ လက်ခွဲပိုက်များ ဖြန့်ဖြူးရေးပိုက်များ၊ ပိုက်ဆက်များ၊ ရေဘုံပိုင်ခေါင်း များ  ချို့ယွင်းပျက်စီးနေမှုများနှင့် ရေဆိုးများ သောက်သုံးရေပိုက်များ အတွင်း ဝင်ရောက်လာခြင်းကိစ္စ မဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန် များစွာအားထည့် ဆောင်ရွက်သင့်သည်။

ပို၍ အရေးကြီးသောအချက်မှာ ရေသုံးစွဲသူအားလုံး၏စိတ်တွင် ရေချိုတန်ဖိုးကို နားလည်သဘောပေါက်ပြီး လူတိုင်းကိုယ်စီ ရေချွေတာသုံးစွဲ ရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် ပညာပေးစည်းရုံးသင့်သည်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် သင်ရိုးများတွင် ပြည့်ပြည့်စုံစုံထည့်သွင်း သင်ကြားပေးသင့်သည်။ ရေဖြန့်ဖြူးမှုစရိတ် ပြန်လည်ကောက်ခံရာတွင် သုံးစွဲယူနစ်တိုးလာသည်နှင့်အမျှ ရေတန်ဖိုးမြှင့်၍ အလွှာလိုက်ကောက်ခံ သင့်သည်။

လုပ်ငန်းသုံးရေဖိုးကောက်ခံရာတွင်လည်း ကုန်ထုတ်လုပ်မှုမဟုတ်သော လုပ်ငန်းများ ဥပမာအားဖြင့် ကားရေဆေးလုပ်ငန်းများ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များ၊ ကုန်တိုက်များ စသည့်ဝန်ဆောင်မှု လုပ်ငန်းများကို ဈေးနှုန်းတစ်မျိုးဖြင့် ကောက်ခံသင့်သည်။

အများသုံးရေဘုံပိုင်ခေါင်းများ ချို့ယွင်းမှုနှင့် လုံးဝရေဘုံပိုင်ခေါင်း မရှိဘဲ ရေလာချိန်တွင် ရေလေလွင့်နေသည့် ကိစ္စများကိုလည်း နယ်မြေတာဝန်ခံများအား တာဝန်ခံမှု၊ တာဝန်ယူမှု ဆုပေး၊ ဒဏ်ပေးစနစ်ထိ ကျင့်သုံး၍ ကြပ်မတ်သင့်သည်။

ရေချိုနှင့်စွမ်းအင်ကို ချွေတာသုံးစွဲတတ်သည့် အုပ်ချုပ်သူများ၊ ကြီးကြပ်သူများ၊ ပြည်သူများဖြစ်လာစေရေး ယခုထက်ပို၍ အားစိုက်ဆောင်ရွက် မှသာ ရေရှည်တွင် အိတ်ပေါက်နှင့်ဖားကောက်အခြေအနေမှ ရှောင်ရှား နိုင်ကြမည်ဖြစ်သည်။

ယခုဆက်လက်ပြီး ဖော်ပြလိုသည်မှာ ရန်ကုန်မြို့တော် သောက်သုံးရေ ဖူလုံရေး နိုင်ငံတော်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေမှုများဖြစ်သည်။

ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း  ကာလအလိုက်  တိုးတက်လိုအပ်လာ မည့်ရေချိုကို ဖြည့်ဆည်းဆောင်ရွက်ရန်မှာ အချိန်၊ ငွေ၊ လူ၊ ပစ္စည်း မြောက်မြားစွာ သုံးစွဲဆောင်ရွက်ကြရလိမ့်မည်။

မိမိတို့လို  ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများတွင်  မိမိပြည်သူများ  ရေချိုလုံလောက်အောင် ရရှိစေရေးကိုပင် မိမိခြေထောက်ပေါ်မိမိ ရပ်တည်ဆောင်ရွက်ရန်မှာ အတော် အခက်အခဲရှိသည်။

ဆက်လက်ဖော်ပြပါမည်။