ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူရေး ဒုတိယအကြိမ် အလှူတော် ငွေပေးအပ်ပွဲကျင်းပ

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူရေး ဒုတိယအကြိမ် အလှူတော် ငွေပေးအပ်ပွဲကျင်းပ

 

နေပြည်တော်  ဇွန်  ၁၅

    နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ စိုးဝင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နေပြည်တော်လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်  ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည် တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက  သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားသည်။ 

ယင်းနောက် ဝန်ကြီးဌာနများနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဒနာတရား နာကြား၍  ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယနေ့အထိ အလှူတော်ငွေ လက်ခံရရှိမှု အနေဖြင့် အလှူရှင် ၇၂ ဦးမှ ရွှေစင်ရွှေပြား အချပ် ၁၉၀ အတွက် အလှူတော်ငွေကျပ် ၅၀၁၃၈၆၀၀၀၊   ရွှေဆေးသင်္ကန်းတော် အတွက် ငွေကျပ် ၁၁၆၃၆၃၈၅၀ စုစုပေါင်း ငွေကျပ် ၆၁၇၇၄၉၈၅၀ နှင့် အမေရိကန် ဒေါ်လာ ၁၀၀ ရရှိကြောင်း  သတင်းရရှိသည်။