မှော်ဘီမြို့နယ် မော်ပီဆရာသိန်း စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်း

 

မှော်ဘီမြို့နယ် မော်ပီဆရာသိန်း စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်း

 

ရန်ကုန်   ဇွန်   ၁၅

    ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ မှော်ဘီမြို့နယ်ရှိ မော်ပီဆရာသိန်း စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာကြည့်တိုက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လှူဒါန်းပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၁၊ ၂၊ ၃၊ ၄၊ ၅) ငါးအုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ စာအုပ်စာစောင် ၅၀ လှူဒါန်းခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် မော်ပီဆရာသိန်းစာကြည့်တိုက်မှ စာအုပ်စာစောင်များအား  လှည့်လည်ကြည့်ရှုခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်မှူးများအနေဖြင့်    ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစာဖတ်အားကောင်းအောင် ကူညီပေးကြရန်၊ စာဖတ်များပါက အရေးအသား၊ အတွေးအခေါ် မှန်ကန်မည်ဖြစ်ပြီး စာကြည့်တိုက်အား အလင်းရောင်ကောင်းကောင်း ရရှိအောင် ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်သည် အသိပညာ ဗဟုသုတပေးသော ဘဏ်တိုက်ကြီးဖြစ်ကြောင်း၊ လူငယ်လူရွယ်များအား စာဖတ်အားကောင်းအောင် ဆောင်ရွက်ပေးသောစာကြည့်တိုက်မှူးများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ဆေးရုံ-မှော်ဘီမြို့ နှစ်ထပ်ကုသဆောင်သစ်သို့ ရောက်ရှိရာ အရေးပေါ်လူနာစမ်းသပ်ခန်း၊ လူနာဆောင်နှင့် သားဖွားဆောင်ရှိ Fist Stage RoomLabour Room(1)/(2) မွေးပြီး လူနာခန်း၊ မွေးကင်းစကလေး စောင့်ရှောက်ခန်းနှင့် ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက် နေမှုများကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည်များ မှာကြားခဲ့သည်။