မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ် စတင်ဆွတ်ခူး

 

မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ် စတင်ဆွတ်ခူး

 

ရန်ကုန်  ဇွန်  ၁၅

မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်က မလေးရှားနိုင်ငံ ဆာရာဝပ် မြို့တွင်ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်စတင် ဆွတ်ခူးရရှိသည်။

မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင် ပွဲတွင် လမ်းလျှောက်ကစားသမားနှစ်ဦး ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မီတာ ၂၀၀၀၀ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင်  ဇင်မေထက်က ရွှေတံဆိပ်ဆု ရရှိခြင်းဖြစ်သည်။  မလေးရှားပြေးခုန်ပစ်အဖွဲ့သည် လက်ရွေးစင်ကစားသမားများအပါအဝင် ကစားသမားအင်အား အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကစားသမားများအနေဖြင့် မလေးရှားနိုင်ငံရှိ မြို့များ ကိုယ်စားပြုယှဉ်ပြိုင်ခြင်းဖြစ်သည်။ မီတာ ၂၀၀၀၀ အမျိုးသမီးလမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက်(မြန်မာ)က ၁ နာရီ ၅၅ မိနစ် ၀၅ ဒသမ ၁၃စက္ကန့်ဖြင့် ရွှေတံဆိပ်၊ ဟူဆင် ((Wil Persekutuan ၊ မလေးရှား)က ၂ နာရီ ၁ မိနစ်  ၄၆ ဒသမ ၇၇ စက္ကန့်ဖြင့် ငွေတံဆိပ်၊ လီဘင်ရီ(ပါဟန်း၊ မလေးရှား)က ၂ နာရီ ၆ မိနစ် ၅၂ ဒသမ ၉၁ စက္ကန့်ဖြင့်ကြေးတံဆိပ်ရရှိသည်။ အမျိုးသမီးလမ်းလျှောက် ပြိုင်ပွဲတွင် ကစားသမား ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာ့လက်ရွေးစင် လမ်းလျှောက်မယ် ဇင်မေထက်က      ရွှေတံဆိပ်ရခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ်ရခဲ့သည့် မလေးရှား အားကစားသမားသည်    ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင်   ငွေတံဆိပ်ရရှိခဲ့သူဖြစ်သည်။

မြန်မာပြေးခုန်ပစ် အဖွဲ့တွင် အုပ်ချုပ်/နည်းပြအဖြစ်   ဦးထွန်းတင် (ဆီးဂိမ်းလမ်းလျှောက် ရွှေတံဆိပ်ဆုရှင်ဟောင်း)၊ ကစားသမားများအဖြစ် ပြည့်ဖြိုးထွန်းနှင့် ဇင်မေထက်တို့ ပါဝင်ကြသည်။ အမျိုးသားမီတာ ၂၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာကစားသမား ပြည့်ဖြိုးထွန်းယှဉ်ပြိုင်မည်ဖြစ်သည်။