မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခုရရှိ

 

မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခုရရှိ

 

ရန်ကုန်  ဇွန်  ၁၆

မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇွန်လ ၁၆ ရက်က မလေးရှားနိုင်ငံ ဆာရာဝပ်မြို့၌ ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခုဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာပြေးခုန်ပစ်အဖွဲ့က ငွေတံဆိပ်တစ်ခု ထပ်မံရရှိပြီး အမျိုးသားမီတာ ၂၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ပြည့်ဖြိုးထွန်းက ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။  အမျိုးသားမီတာ  ၂၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ကောင်ဂျင်ဟောင်(Wil Persekutuan ၊ မလေးရှား)က ၁ နာရီ ၄၂ မိနစ် ၁၂ ဒသမ ၀၅ စက္ကန့်ဖြင့် ရွှေတံဆိပ်၊   ပြည့်ဖြိုးထွန်း(မြန်မာ)က ၁ နာရီ  ၄၇ မိနစ်၊ ၃၁ ဒသမ ၇၉ စက္ကန့်ဖြင့် ငွေတံဆိပ်၊ ဂျာလာနီ(မီလာကာ၊ မလေးရှား)က   ၁  နာရီ  ၄၉ မိနစ် ၂၀ ဒသမ ၉၀ စက္ကန့်ဖြင့် ကြေးတံဆိပ် ရရှိသည်။

အောင်ပွဲရ မြန်မာပြေးခုန်ပစ် အဖွဲ့တွင် အုပ်ချုပ်/နည်းပြအဖြစ် ဦးထွန်းတင်(ဆီးဂိမ်းရွှေတံဆိပ်ဆုရှင်ဟောင်း)၊ ကစားသမားများအဖြစ် ပြည့်ဖြိုးထွန်းနှင့် ဇင်မေထက်တို့ ပါဝင်ကြသည်။ မြန်မာပြေးခုန်ပစ်အဖွဲ့သည် လမ်းလျှောက်အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲနှစ်မျိုးတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဇင်မေထက်က ရွှေတံဆိပ်၊ ပြည့်ဖြိုးထွန်းက ငွေတံဆိပ်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိမ်ရှင်မလေးရှား ပြေးခုန်ပစ်အဖွဲ့သည် လက်ရွေးစင်ကစားသမားများ အပါအဝင် ကစားသမားအင်အား အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကစားသမားများအနေဖြင့် မလေးရှားနိုင်ငံရှိ မြို့များကိုယ်စားပြု ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။