ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက် (၂၇)

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက် (၂၇)

ယမန်နေ့မှအဆက်

ရေချိုရရှိရေး  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့်  နိုင်ငံများထံမှ သင့်တင့်သည့်အထောက်အပံ့ အကူအညီလည်း လိုသည်။

ပြည်ပအထောက်အပံ့ ဆိုသည်မှာ အတိုးကြီးကြီးဖြင့် ချေးသည်ဖြစ်စေ၊ အတိုးအနည်းငယ်ဖြင့် ချေးသည်ဖြစ်စေ တစ်ချိန်တွင် ကြွေးပြန်ဆပ်ကြရမည်။

ချေးငှားသုံးစွဲသည်ဖြစ်စေ၊ နိုင်ငံတော်ပိုင်ရန်ပုံငွေမှဖြစ်စေ ကျခံသုံးစွဲ လိုက်ရမည့်  ငွေပမာဏမှာ  တစ်နိုင်ငံလုံး ပြည်သူများ၏  ချွေးနှဲစာများထဲမှ သုံးစွဲခြင်းသာဖြစ်သည်။

ဝေးလံသော ဒေသများမှ  တိုင်းရင်းသားပြည်သူများ  တောင်ထိပ်မှ တောင်အောက်ဆင်းပြီး  လျှိုမြောင်များ ထဲတွင်  ရေခပ်နေကြရသူများ အများအပြားရှိနေသည်။ အလားတူပင် ရေတစ်ထမ်း၊ ရေတစ်အိုးရရှိရေး  ရွာများနှင့် ဝေးသော  သဲချောင်းများတွင်  လက်ယက်တွင်းတူး၍ တစ်ခွက်ချင်း ရေချိုရရှိအောင်  စုဆောင်း နေကြရသည့်  မိုးနည်းရေရှား အရပ်ဒေသများမှ ပြည်သူများလည်း လက်ညှိုးထိုးမလွဲရှိနေသည်။

နိုင်ငံတော်ဘဏ္ဍာမှ မြို့နေပြည်သူများအတွက် ငွေအမြောက်အမြား ကျခံပြီး အိမ်ထဲတွင် ဘုံပိုင်ခေါင်းလေးဖွင့် လိုက်ရုံဖြင့် ရေချိုသုံးနိုင်အောင် စီစဉ်ပေးလိုက်ရသော ရင်းနှီးမြှုပ်နှံမှုစရိတ်မှာ အလွန်ကြီးမားသည်။

ဤစရိတ်ကို ရေဖိုးသင့်၍ ပြန်လည်ကောက်ခံရာတွင်လည်း မြို့တော် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နေ့စဉ်ကုန်ကျစရိတ်ကာမိရုံ၊ ထိန်းသိမ်း ပြုပြင်စရိတ်ကာမိရုံသာ ရေဖိုးကောက်ခံနေခြင်းဖြစ်သည်။ ဤစရိတ်ကို လည်း ပြန်လည်သုံးသပ်သင့်သလို လေလွင့်မှုလျှော့ချနိုင်သမျှ လျှော့ခြင်းဖြင့်လည်း ဝင်ငွေတိုးတက် ရရှိလာနိုင်သည်။ ရေသုံးစွဲမှုလည်း လျော့လာပါလိမ့်မည်။

ရန်ကုန်မြို့တော် ရေချိုပိုမိုရရှိရေးကိစ္စအတွက် နိုင်ငံတော်က စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲ အားပေးလိုသည်။ ဆောင်ရွက်ရာတွင်လည်း ရေရှည်အတွက် အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက် နေသည်ဟု  သိရသည်။  ရန်ကုန်မြို့တော်  သောက်သုံးရေ ဖြန့်ဖြူးရေးတွင်  ရေလေလွင့်မှုများ လျှော့ချရန်နှင့်  လူတစ်ဦးချင်းစီ၏ ရေသုံးစွဲမှု တိုးမြင့်လာစေရန် နှစ်အလိုက်လျာထားဆောင်ရွက်နေမှုများ ကိုလည်း  တွေ့ရသည်။  ၂၀၂၀  ပြည့်နှစ်စာရင်းအရ  ရန်ကုန်မြို့တော် ရေပေးဝေဖြန့်ဖြူးရေးတွင် ဖြန့်ဖြူးရေး၏ သုံးပုံတစ်ပုံမှာ လေလွင့်နေသည်။

ရန်ကုန်မြို့တော် နှစ်အလိုက်ရေလေလွင့်မှုရာခိုင်နှုန်းနှင့်သုံးစွဲမှု

ခုနှစ်   ရေလေလွင့်မှု(ရာခိုင်နှုန်း) နေ့စဉ်လူတစ်ဦးချင်းစီ

                      ဂါလန် (လီတာ)

၂၀၁၃           ၅၀     ၃၀ (၁၃၆)

၂၀၁၈          ၃၇     ၃၀ (၁၃၆)

၂၀၂၀           ၃၃     ၃၀ (၁၃၆)

၂၀၂၅           ၂၅     ၃၅ (၁၅၉)

၂၀၃၀          ၁၈     ၃၅ (၁၃၉)

၂၀၃၅          ၁၃     ၃၅ (၁၃၉)

၂၀၄၀          ၁၀     ၄၀ (၁၈၂)

ရန်ကုန်မြို့တော် ရေရှည်ရေချိုရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ ဖြစ်သော-

- ရန်ကုန်မြို့တော်အနောက်ဘက်    လှိုင်မြစ်အတွင်းစီးဝင်သည့် ကုက္ကိုဝမြစ်မှလည်းကောင်း၊ - ရန်ကုန်မြို့တော် တောင်ဘက် တိုးမြစ်မှလည်းကောင်း၊

- ရန်ကုန်မြို့အရှေ့ဘက်အခြမ်း လဂွန်းပြင်ဆည်မှ လည်းကောင်း ရယူသုံးစွဲရန် စီမံနေသည်ကိုတွေ့ရသည်။

ရန်ကုန်မြို့တော်  ရေချိုရရှိသုံးစွဲနိုင်ရေး  ယခင်ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ  ပြီးစီးမည့် ကာလနှင့်  နေ့စဉ်ဖြန့်ဖြူးနိုင်မည့် ရေပမာဏတို့ကို ဖော်ပြပါမည်။

ရန်ကုန်မြို့တော်ရေချိုရရှိရေး ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ

ဖော်ပြပါဇယားကိုလေ့လာပါက ၂၀၂၀  ပြည့်နှစ်နောက်ပိုင်း ရန်ကုန် မြို့တော် ရေပေးဝေရေးကိစ္စတွင် မြေအောက်ရေပေးဝေရေးကိစ္စများ၌ အသုံးပြုနေသော မြေအောက်ရေတွင်း (အဝီစိတွင်း) များကို ရပ်စဲမည့် သဘောဖြစ်၍ ကြိုဆိုရမည်။

ရန်ကုန်မြို့တော် သောက်သုံးရေရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်များအလိုက် ပေးဝေဖြန့်ဖြူးမည့်ဇုန်များကို အောက်ပါ အတိုင်း ၁၀ ခု ပိုင်းခြားထားသည်။

ရန်ကုန်မြို့တော်ရေပေးဝေရေး ပိုင်းခြားထားသည့်ဇုန်များ

ဇုန်အမှတ်နယ်မြေဆိုင်ရာဒေသများ

          ၁။     မြို့လယ်          - စီးပွားရေးအချက်အချာများနှင့် မြို့လယ်

          ၂။      တာမွေ၊သာကေတ           -  တာမွေ၊ သာကေတ၊ သင်္ဃန်းကျွန်း

          ၃။      လှိုင်   - မရမ်းကုန်း၊ ရန်ကင်း၊ လှိုင်

          ၄။      မရမ်းကုန်း   - မင်္ဂလာဒုံတောင်ပိုင်း၊ မြောက်ဥက္ကလာ၊ အင်းစိန်တောင်ပိုင်း

          ၅။      မင်္ဂလာဒုံ၊ ရွှေပြည်သာ       - မင်္ဂလာဒုံအလယ်ပိုင်း၊ အင်းစိန်

                               မြောက်ပိုင်း၊ ရွှေပြည်သာ

          ၆။      မြောက်ပိုင်း - မင်္ဂလာဒုံမြောက်ပိုင်း

          ၇။      အရှေ့(၁)      - အရှေ့ဒဂုံ၊ မြောက်ဒဂုံ

          ၈။      အရှေ့(၂)      - တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း

          ၉။      အနောက်ပိုင်း         - လှိုင်သာယာ

  ၁၀။  တောင်ပိုင်း     - ဒလ၊ ဆိပ်ကြီးခနောင်တို

ဤကဲ့သို့ စီမံကိန်းရေးဆွဲဆောင်ရွက်နေသော်လည်း ၂၀၄၀ ပြည့်နှစ် ရောက်သည့်တိုင် ရန်ကုန်မြို့တော်နေ ပြည်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်သာ ရေချိုပေးဝေ ဖြန့်ဖြူးနိုင်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ဆက်လက် ဆောင်ရွက်ရန်ကိစ္စများ ကျန်နေပါသေးသည်။

နှစ်အလိုက်ရေချိုဖြန့်ဖြူးနိုင်မှု လွှမ်းမိုးနိုင်မှုရာခိုင်နှုန်းများကို အောက်ပါအတိုင်း တွေ့ရပါမည်။

ရန်ကုန်မြို့တော် နှစ်အလိုက် ရေချိုဖြန့်ဖြူးမှု၊ လွှမ်းမိုးမှု

ရာခိုင်နှုန်းနှင့် လူဦးရေဇယား

ခုနှစ်   လွှမ်းမိုးမှု(ရာခိုင်နှုန်း)        လူဦးရေ(သန်း)

၂၀၁၃           ၃၅     ၁.၈

၂၀၁၈          ၄၅     ၂.၅၅

၂၀၂၀           ၅၀     ၂.၉၈

၂၀၂၅           ၆၀     ၄.၀၅

၂၀၃၀          ၆၅     ၄.၉၆

၂၀၃၅          ၇၀     ၆.၀၄

၂၀၄၀          ၈၀     ၇.၈၂

ဆက်လက်ဖော်ပြပါမည်။