ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက် (၂၈)

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက် (၂၈)

 

ယမန်နေ့မှအဆက်

    ဖော်ပြပါစီမံကိန်းများ အောင်မြင်ရေးအတွက် နိုင်ငံတကာ အကူအညီ နှင့်အထောက်အပံ့များ  ရယူသုံးစွဲလျက်ရှိသည်။ အဆိုပါအဖွဲ့အစည်းများမှာ-

၁။ JICA (Japan International Cooperation Agency)

၂။ TSS,Mitsubishi & Toyo

၃။ France (AFD and Egis)

၄။ Denmark (Cooperation with Danish Water)

၅။ Manila Water and Mitsubishi Co.,Ltd.         စသည်တို့ဖြစ်သည်။

ဖော်ပြခဲ့သည့် အထောက်အထား အချက်အလက်များအရ ရန်ကုန်မြို့ တော်သောက်သုံးရေ ဖူလုံစေရေး (၈၀ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရေး) အတွက် ၂၀၄၀ ပြည့်နှစ်အထိ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းများကို တွေ့ရမည်။

ယင်းလုပ်ငန်းကြီးမှာ မိမိတို့နိုင်ငံ ချမ်းသာကြွယ်ဝမှုနှင့် စီမံခန့်ခွဲနိုင်မှု ပမာဏထက် များစွာကြီးမားနေသည ့်အတွက် နိုင်ငံတကာချေးငွေများ၊ နိုင်ငံတကာ အထောက်အပံ့နှင့် အကူအညီများကို ရယူဆောင်ရွက်နေ သည်။

ဆောင်ရွက်ရာမှာလည်း နှစ်စဉ် ပြန်လည်ပြည့်ဖြိုးနေသည့် မြေပေါ် တွင်စီးဆင်းနေသော မြစ်ချောင်းများမှသာ ရယူသုံးစွဲမည်ဖြစ်သည်။

ရေလေလွင့်မှု လျော့နည်းစေမည့် ဆောင်ရွက်ရန်ကိစ္စများပါ တစ်ပါ တည်းဆောင်ရွက်မည်ဟု သိရသည်။ ၂၀၁၃ ခုနှစ်တွင် ရေလေလွင့်မှု ၅၀ ရာခိုင်နှုန်းအထိ ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၃၃ ရာခိုင်နှုန်းအထိလျှော့ချ နိုင်ခဲ့မှုကြောင့် ရေဂါလန် သန်းပေါင်းများစွာ အကျိုးရှိစေခဲ့သည်။

မိမိတို့နိုင်ငံသား တစ်ဦးချင်းစီ၏စိတ်တွင် ရေကိုတန်ဖိုးထားပြီး အလေ အလွင့်အနည်းဆုံး ဖြစ်စေရန် အားထုတ်ကြပါမှသာ ယခုစီမံကိန်းများကို ကူညီပံ့ပိုးပေးရာ ကျပါမည်။ ရေရှည်တွင် ရေအခက်အခဲ ဒုက္ခမှကင်းဝေး ကြပါမည်။

တခြားတစ်ဖက်တွင်လည်း ဤရေချိုရရှိစေမည့် ဆည်၊ တာတမံ၊ ကန် များ၏ ရေဝေရေလဲဧရိယာများကို ရေရှည်တည်မြဲစေရေး အားထုတ်ကြရပါမည်။ ရေဝေရေလဲဒေသအတွင်း သစ်၊ ဝါးခုတ်မှု၊ ကျူးကျော်ဝင်ရောက် နေထိုင်မှု၊ တိရစ္ဆာန်များ အလုံးအရင်းဖြင့်လွှတ်ကျောင်းမှု စသည်တို့ကို ကြိုတင်ကာကွယ်ရပါမည်။

ရေဝေရေလဲဧရိယာ အတွင်းနှင့်   ဝန်းကျင်ဒေသများတွင် တိုးချဲ့၍ သစ်ပင်သစ်တော စိုက်ပျိုးမှုများကို နှစ်စဉ်လျာထားချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်သွားနိုင်ပါရန်လည်း အကြံပြုပါသည်။

အခန်း(၁၃)

မြန်မာနိုင်ငံအပူပိုင်းဒေသနှင့် ရေအသုံးချမှု

    ကမ္ဘာ့တချို့ဒေသများတွင် ရေကြီးရေလျှံဖြစ်နေသည်အထိ ဖြစ်ပေါ်နေသော်လည်း တချို့နေရာများမှာမူ ရေအလွန်ရှားပါးနေကြသည်။ သောက်စရာရေတစ်ပုံးရရေး နေ့တစ်ဝက်ခန့်ထိ အားထုတ်နေရသည့် နေရာများရှိနေသည်ဆိုလျှင်    ရေချိုပေါများသော ဒေသများမှ မြန်မာပြည်သူအများစု ယုံချင်မှယုံကြပါလိမ့်မည်။

“ပြောမယုံ ကြုံဖူးမှသိ”ဆိုသည့်အတိုင်း မြန်မာနိုင်ငံဒေသ တချို့တွင် သောက်သုံးရေပြတ်လပ်၍ နိုင်ငံတော်မှ လည်းကောင်း၊ အလှူရှင်များမှ လည်းကောင်း ရေကားကြီးများဖြင့် သွားရောက်လှူဒါန်းနေသည်ကို နှစ်စဉ် မတ်လ၊ ဧပြီလနှင့် မေလများတွင် တွေ့မြင်ရသည်။

ကမ္ဘာ့နိုင်ငံအတော်များများမှာပင် ဤအဖြစ်မျိုး တွေ့ကြုံနေကြရသည်။ ဤပြဿနာကို ဖြေရှင်းကြရာတွင် ဒေသဝန်းကျင်၌ ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်များ ရှိနေပါက ဆည်၊ တာတမံပြုလုပ်၍ ရယူသုံးစွဲကြသလို မြေအောက်ရေတွင်း (အဝီစိတွင်း) တူးဖော်၍လည်း သောက်သုံးရေရရှိရေး ဖြေရှင်းကြသည်။ မလုံလောက်ပါက ပင်လယ်ဆားငန်ရည်ကိုပင် ရေချို အဖြစ်ပြောင်း၍ ဖြေရှင်းကြသည်။

မိမိတို့နိုင်ငံ၏ဒေသတချို့တွင် ရေရရှိရေးနည်းလမ်းတစ်ခုဖြစ်သည့် အဝီစိတွင်းကို  အနက်ပေ ၅၀၀-၆၀၀ အထိ တူးဖော်ယူကြရသည်။ စရိတ်လွန်စွာကြီးမားသည်။ မြေပေါ်သို့ ရေရောက်ရှိလာစေရေး စက်များဖြင့် မောင်းတင်ရသည်။

တွင်းတူးစရိတ်ကြီးမားသလို နေ့စဉ်မြေပေါ်ကို ရေရောက်အောင် လုပ်ယူရသည့် စရိတ်လည်း ကြီးမားလှသည်။ ထွက်ရှိလာသော ရေပမာဏသည်လည်း တန်းစီမျှဝေယူကြရသည့်ပမာဏအထိ နည်းပါးသည်။ သောက် သုံးရေပင် မလုံလောက်သည့် အတွက် စိုက်ပျိုးရေးလုပ်ငန်း သုံးစွဲရေးမှာ များစွာစဉ်းစားစရာဖြစ်သည်။ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများအတွက် ပင် လူသုံးစွဲပြီး စွန့်ပစ်မည့်ရေကို ပြန်လည်စစ်ယူ၍ တိုက်ကျွေးနေကြရ သည့်အတွက်  ကျွဲ၊  နွား၊  ဆိတ်  အစရှိသည့်    မွေးမြူရေးတိရစ္ဆာန် မြောက်မြားစွာကို စီးပွားဖြစ် နှစ်ပေါက်မွေးမြူရန် ခက်ခဲနေကြသည်။ ဤသို့    ရေရှားသော ဒေသများတွင်   မွေးမြူရေးခြံများ လုပ်ဆောင်ရန် အခက်အခဲရှိသလို ရေများများ သုံးစွဲရသည့် ကြီးမားသော ကုန်ထုတ်လုပ်ငန်းမျိုးလည်း မလုပ်နိုင်ကြပါ။

လူသားတစ်ဦးအတွက် သောက်ရေသည် မရှိမဖြစ်လိုသည်ဟု ဆိုသော်လည်း လူတစ်ကိုယ်ကျန်းမာရေး ကိစ္စများအတွက် ရေအိမ်သုံးစွဲရေးနှင့် ချိုးရေရရှိရေး တို့မှာလည်း သောက်ရေနှင့်အတူ အရေးကြီးသည်။ လူတစ်ကိုယ် ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်သည့် ရေပမာဏကို သုံးစွဲခွင့်မရလျှင် ကျန်းမာရေးနှင့်ဆိုင်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မည်မှာ သေချာသည်။

အထူးသဖြင့် အပူပိုင်းဒေသများတွင် ရေရှားပါးခြင်း၊ မိုးခေါင်ခြင်းတို့ ကြောင့် မြေမျက်နှာပြင်အားလုံး ခြောက်သွေ့ပြီး ဖုန်တလုံးလုံးဖြစ်နေသည်ကို တွေ့ရသည်။ တချို့ကျေးရွာများတွင် တစ်အိမ်လုံး အိပ်ရာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အစားအသောက် ပန်းကန်ပြားထဲမှာမကျန် ဖုန်အလိမ်းလိမ်း ပေကျံနေသည်ကို တွေ့ရသည်။ ဤမျှဆိုးရွားလှသောဖြစ်ရပ်များမှာ  မိုးခေါင်ရေရှားဒေသများသာမက မြန်မာနိုင်ငံတွင် မိုးရေချိန် လက်မ ၁၀၀(မီလီမီတာ ၂၅၀၀)ခန့် နှစ်စဉ်ရွာသွန်းပါသည်ဆိုသော မြန်မာပြည်အောက်ပိုင်းဒေသများမှာပင် ကြုံနေရသည်။ နှစ်စဉ် တစ်နှစ် ပတ်လုံး ပူပြင်းခြောက်သွေ့နေသော ဒေသများမှ ပြည်သူအများစုမှာ

တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်း၊ သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ် အစရှိသည့် လူ၏တီထွင်ကြံဆမှု မပါဘဲ သဘာဝပတ်ဝန်းကျင်ကို အားပြု၍ ဝမ်းရေးဖြေရှင်းနေကြရသည်။

ဤဒေသများတွင် စိုက်ပျိုးရေးအခြေခံ စီးပွားရေး လုပ်ငန်းများလည်း မကောင်းကြသလို တခြားနည်းစီးပွားရေးလည်း အဆင်မပြေ၍ အများစု မှာ ချို့တဲ့ကြသည်။ လူ့သက်တမ်းစေ့ မနေကြရသည်ကိုလည်း တွေ့ရသည်။  ဆင်းရဲပြီး ဝင်ငွေနည်းပါး၍  အသက်တိုကြသည်ဟု  ခန့်မှန်း ပြောနိုင်သော်လည်း ဒေသစိမ်းလန်းစိုပြည်မှုမရှိခြင်း၊ ရာသီဥတုပူပြင်းခြင်း၊ အာဟာရဖြစ်စေမည့်   ဟင်းသီးဟင်းရွက်သီးနှံများ    မပေါကြွယ်ခြင်း စသည်တို့သည်လည်း  အသက်တိုခြင်း၏ အဓိကအချက်ဖြစ်သည်မှာ ငြင်း၍မရပေ။

ဥပမာအားဖြင့် မိမိတို့နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ရေချိုရရှိမှုနည်းပါးသည့်ဒေသတချို့၏ ပျမ်းမျှ လူ့သက်တမ်းသည် ပို၍တိုသည်ကို လက်တွေ့လေ့လာသိရှိခဲ့ရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် မျှော်မှန်းလူ့သက်တမ်း

စဉ်။    ဒေသ မျှော်မှန်းလူ့သက်တမ်း

၁။      မကွေး                           ၆၀.၆

၂။      ဧရာဝတီ                        ၆၁.ဝ

၃။      ချင်း                             ၆၃.၆

၄။      တနင်္သာရီ                      ၆၄.၇

၅။      ရခိုင်                             ၆၆.၁

၆။      နေပြည်တော်မြို့နယ်များ  ၆၆.၆

၇။      ပဲခူး                              ၆၆.၇

၈။      ကယား                         ၆၆.၇

၉။      စစ်ကိုင်း                        ၆၇.၁

၁၀။    ရှမ်း                              ၆၇.၂

၁၁။    ကရင်                           ၆၇.၃

၁၂။    မန္တလေး                        ၆၈.ဝ

၁၃။    ကချင်                           ၆၈.၉

၁၄။    ရန်ကုန်                         ၇၁.၂

၁၅။    မွန်                               ၇၁.၇

ဖော်ပြခဲ့သည့်ဒေသအလိုက် မျှော်မှန်း လူ့သက်တမ်းထဲတွင် သက်တမ်း အတိုဆုံးပြည်သူများမှာ မကွေးတိုင်းဒေသကြီးမှ ဖြစ်ပြီး အမြင့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်နေသည်။ ကွာဟချက်သည် ၁၀ နှစ်ခန့်ဖြစ်နေသည်။

မြန်မာတစ်နိုင်ငံလုံး၏ ပျမ်းမျှသက်တမ်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ၆၆ ဒသမ ၈ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီးရှိ ပြည်သူများ၏ ပျမ်းမျှသက်တမ်းသည် တစ်နိုင်ငံလုံး ပျမ်းမျှသက်တမ်းထက် ခြောက်နှစ်ကျော်တိုနေသည်။          

ဆက်လက်ဖော်ပြပါမည်။