ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်မြို့နှင့် တွန်းဇံမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း  သြဂုတ်  ၁၃

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ  ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ကျောင်းဆောင်၊  တွန်းဇံမြို့ရှိ  Cyclone Shelter ဆောက်လုပ်နေမှု၊ ၂၅-ခုတင်ဆံ့  ပြည်သူ့ဆေးရုံ တိုးချဲ့တည်ဆောက်နေမှုနှင့်  ဗားရ်တံတားအမှတ်(၂) တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စံကိုက်ကျောင်းဆောင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပညာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကျောင်းအုပ်ကြီး  ဦးအင်ခန်းမုန်တို့က လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အဆိုပါကျောင်း Multifuc-tional Hall ၌ တီးတိန်မြို့မိမြို့ဖ များနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ သစ္စာစီမံချက်အရ နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ခြင်း အခမ်းအနား ကျင်းပရာ ဒုတိယသမ္မတက ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊  အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်  မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများ အနေဖြင့် သာမန်ရွှေ့ပြောင်းနေထိုင်သူများ၊ ယာယီရွှေ့ပြောင်း နေထိုင်သူများ၏ လိုအပ်ချက်များ ဖြစ်သည့် တရားဝင် အိမ်ထောင်စုစာရင်းနှင့်    နိုင်ငံသားမှတ်ပုံတင် တစ်မျိုးမျိုးကို သစ္စာစီမံချက်ဖြင့်   ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း၊ ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး

နှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် တာဝန်ရှိသူများ အနေဖြင့်    တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရမည်  ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဦးမြင့်ကြိုင်တို့က  ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ကြသည်။

ထို့နောက်    အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ မြို့မိမြို့ဖ  ဒေသခံပြည်သူဦးခင်ဆွင်းမုန်ကဒေသ လိုအပ်ချက်များ ဖြစ်သည့် တီးတိန်မြို့ကို ခရိုင်မြို့အဖြစ် ဖွဲ့စည်းပေးနိုင်ရေး၊  မြို့ သောက်သုံးရေ ဖူလုံရေးအတွက် ၁၈ မိုင် ရေထွက်မှ ရေသွယ်ယူ ရရှိနိုင်ရေး၊ တီးတိန်ခုတင်-၁ဝဝ ဆံ့ဆေးရုံကို ခုတင်-၂ဝဝ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား သွယ်တန်းရရှိနိုင်ရေး၊ စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ပေးနိုင်ရေးနှင့် မြို့နယ်အဆင့်မြင့် ခန်းမဆောင် ဆောက်လုပ်ပေးနိုင်ရေး တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးတင်မြင့်နှင့်  ဦးခင် မောင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဦးတို့က    ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေကြသည့် တီးတိန်မြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တွန်းဇံမြို့ရှိ ပိုးစာခြံသို့ရောက်ရှိကြရာ     ခြံမန်နေဂျာ ဦးဟရိန်ထောင်ထန်းက ခြံဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက်    ဒုတိယသမ္မတသည် Multi Purpose Cyclone Shelter တည်ဆောက်ထားရှိမှုကို   ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဆလိုင်းထောင်က အဆောက်အအုံ ဆိုင်ရာများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် Multi Purpose Cyclone Shelter  ရှင်းလင်းဆောင်၌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် ဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့က Multi Purpose Cyclone Shelter  တည်ဆောက်ပြီးစီးမှု အခြေအနေ၊  တည်ဆောက်ပြီးစီးသည့် Cyclone Shelter  များအခြေအနေ၊ Cyclone  Shelterများတွင်  ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှု၊  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့်   ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး   တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တိုက်ပွဲရှောင်ပြည်သူများအတွက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီသို့ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ တင်ပြထားရှိမှုတို့ကို  ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက    သိရှိလိုသည်များကို  မေးမြန်းသည်။

အဆိုပါ Multi Purpose Cyclone သည် အလျားပေ ၆ဝ၊ အနံ ပေ ၇ဝ ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၂၄ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားသည်။

ထို့နောက် မြို့မိမြို့ဖဒေသခံပြည်သူ ဦးဂင်ဆွင်းမုန်က ဒေသဖွံ့ဖြိုးရေး လိုအပ် ချက်များနှင့် စပ်လျဉ်း၍တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးစိုးဦးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးနေကြသည့် တွန်းဇံမြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတသည် ၂၅-ခုတင်ဆံ့ ပြည်သူ့ဆေးရုံအတွင်း ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ   တိုးချဲ့နှစ်ထပ်လူနာဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဆောက်အအုံ  စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ အဆောက်အအုံသည် အလျား ၉၅ ပေ၊ အနံပေ ၅ဝ ရှိပြီး စီမံကိန်းတန်ဖိုးငွေကျပ် ၄၇၂ ဒသမ ၃၆ သန်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်များဖြင့် မဏိပူရ်မြစ်ကူး၊ ဗားရ်တံတား(အရန်)တည်ဆောက်သည့် နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရွှေလေးနှင့် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းတို့က တံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် မဏိပူရ်မြစ်ကူး၊ ဗားရ်တံတား(အရန်) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဗားရ်တံတားအမှတ်(၂)သည် တံတားအရှည် ၅၅၇ ဒသမ ၇၇ ပေရှိပြီး အကျယ်ပေ ၃ဝ ရှိကာ ရေလမ်းကင်းလွတ်အမြင့်၉ ဒသမ ၈၄၃ ပေရှိကြောင်း၊ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၄ဝ၅ဝ ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအသုံးပြုလျက်ရှိသည့်   ဗားရ် တံတားအမှတ်(၁)သည် ၂ဝ၁၅ ခုနှစ် ကိုမာန်မုန်တိုင်းတိုက်ခတ်စဉ် မဏိပူရ်မြစ်ရေကြီးမှုကြောင့် တံတားသံပေါင် အောက်ခြေအထိ မြစ်ရေတက်ခဲ့သဖြင့် တံတားကို ခေတ္တပိတ်ခဲ့ရသည်။ မြစ်ရေပမာဏ ပိုမိုတက်ရောက်ခဲ့ပါက ဗားရ်တံတားအတွက် အန္တရာယ်ရှိနိုင်ပြီး ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး အဆက်အသွယ်ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သဖြင့်  ယခုတံတားအမှတ်(၂)ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း    သိရသည်။