ရဲရင့်ခြင်းနှင့်လုံ့လဝီရိယ ရှိကြများသူငါ

မြန်မာ့သမိုင်းရာဇဝင်တွင် ထင်ရှားကျော်ကြားသော အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာမှသည် အလောင်းမင်းတရား၊ ဆင်ဖြူရှင်တို့မှာ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယ ပြည့်စုံသူများဖြစ်ကြသည်။ ကိုလိုနီခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်မှသည် ယနေ့ခေတ် တပ်မတော်သားတို့သည်လည်း ရဲရင့်ခြင်းနှင့် လုံ့လဝီရိယရှိသူများဖြစ်သည်။ ဘုရင့်နောင်နှင့် အလောင်းမင်း တရားတို့သည် သာမန်လူငယ်များဘဝမှ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယကို အခြေခံ၍ မိမိတို့ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူများဖြစ်သည်။

ရှေးအခါက  မြန်မာပြည်တွင်  ရဲစွမ်းသတ္တိသည်   လွန်စွာအဖိုးထိုက်တန်လှသည်။ ထူးထူးချွန်ချွန် ရဲရင့်သော သူသည် ထူးထူးချွန်ချွန် အခွင့်အရေးကိုပိုင်ဆိုင်သည်။ သာမန်အခြေအနေတွင် မွေးဖွားသူဖြစ်သော်လည်း မိမိ၏ ရဲစွမ်းသတ္တိကြောင့် ကြီးမြင့်သောအခြေအနေသို့ ရောက်ရှိနိုင်သည်။ ထင်ပေါ်ကျော်ကြားခြင်း ဂုဏ်နှင့် ပြည့်စုံနိုင်သည်။ ဦးအောင်ဇေယျသည် မြန်မာပြည်ကြီး အကွဲကွဲအပြားပြားဖြစ်နေခြင်းကို စုစည်းတည်ထောင် ကာ ကုန်းဘောင်ခေတ်ကို စတင်တည်ထောင်နိုင်ခဲ့သည်။ လွယ်ကူသော အလုပ်မဟုတ်သော်လည်း သူ၏ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယကြောင့် အောင်မြင်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလတွင် လွန်စွာထင်ရှားသော မဟာဗန္ဓုလသည်လည်း ရဲရင့်ခြင်းနှင့် လုံ့လ ဝီရိယရှိခြင်းကြောင့် ယနေ့တိုင် သမိုင်းမော်ကွန်းရေးထိုးထားနိုင်သည်။ သာမန်လယ်သမားမျိုးရိုးမှ မွေးဖွား လာပြီး ထိုခေတ်အခါက တပ်မတော်တွင် သတိုးသုဓမ္မမဟာဗန္ဓုလဟူသောဘွဲ့နှင့် ချီးမြှင့်ခြင်းခံရသည်မှာ  သူ၏ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယကြောင့်ဖြစ်ပေသည်။ ရဲစွမ်းသတ္တိသည် ကြီးမားသောဂုဏ်ရှိန်နှင့် ထင်ရှား ကျော်စောခြင်းဖြစ်စေခဲ့သည်ကို ကောင်းစွာ ကြားသိနိုင်ပေသည်။ ကြောက်ရွံ့တွန့်ဆုတ်သော သူသည်ကား အမြင့်အထွတ်အထိပ်သို့ ရောက်ရန်ဝေးစွ။ မိမိ၌ရရှိပြီးသော စည်းစိမ်ချမ်းသာလေးကိုပင် လုံခြုံအောင် စောင့်ရှောက်နိုင်ရန် ခဲယဉ်းပေသည်။

လောကတွင် ရှေ့သို့တက်လှမ်းခြင်း၊ နောက်သို့တွန့်ဆုတ်ခြင်း နှစ်မျိုးရှိသည့်အနက် ရှေ့သို့တက်လှမ်းခြင်း သည် ရဲရင့်ခြင်း၏သဘောဖြစ်သည်။ နောက်သို့တွန့်ဆုတ်ခြင်းသည် ကြောက်လန့်ခြင်းသဘောဖြစ်ပေသည်။ ရဲရင့်ခြင်းသည် တိုးတက်ခြင်းဖြစ်၍ ကြောက်လန့်ခြင်းသည် ဆုတ်ယုတ်ခြင်းဖြစ်သည်။ မည်သူမဆို တိုးတက် ခြင်းကိုသာ အလိုရှိကြပေလိမ့်မည်။ တိုးတက်ကြီးပွားအောင် ကြိုးစားလိုစိတ်ကိုသာ ပိုင်ဆိုင်လိုကြပေ လိမ့်မည်။ တိုးတက်ကြီးပွားလိုသူတိုင်းသည် တိုးတက်ကြီးပွားခြင်းသို့ရောက်ရှိရန် ရဲရင့်ခြင်း၊ လုံ့လဝီရိယ စွမ်းအားထက်သန်ခြင်းများကို အမြဲပင်မွေးမြူသင့်သည်။

မြန်မာ့ဆိုရိုးတွင် ကြောက်လျှင်လာဘ်လွဲ၊ ရဲလျှင်လာဘ်ရ ဆိုသောစကားတစ်ခုရှိသည်။ ကြောက်ရွံ့တွန့်ဆုတ် နေသောသူသည် ရထိုက်သော လာဘ်လာဘကိုပင်မရနိုင်ဘဲ ရှိတတ်သည်။ ရဲရင့်သောသူသည်ကား မိမိရှေ့ တွင် အောင်မြင်မှုကိုမြင်တွေ့နေရသကဲ့သို့ ရသင့်ရထိုက်သော အောင်မြင်မှုကို မုချမသွေရပေလိမ့်မည်။ ရဲစွမ်း သတ္တိရှိသောသူသည် မိမိကိုယ်ကိုအားကိုး၍ သူတစ်ပါးတို့ကို အားကိုးမှီခိုလိုသော စိတ်ဆန္ဒနည်းပါးသည်။

ရဲစွမ်းသတ္တိမရှိဘဲ သူရဲဘောနည်းသူသည်ကား မိမိကိုယ်ကိုအားမကိုးဘဲ သူတစ်ပါးတို့ကို မှီခိုအားကိုးလိုသော ဆန္ဒသာရှိကြသည်။ ကိုယ့်အစွမ်းအစကိုအားကိုး၍ ကိုယ်တိုင်ကြိုးစားလေ့ရှိသောသူသည် ကိုယ်ပိုင်ချမ်းသာ မျိုး၊ ကိုယ်ပိုင်ဂုဏ်မျိုးကိုရရှိသည်။ ကိုယ်ပိုင်ချမ်းသာသည် လွန်စွာထက်မြက်၍ လွတ်လပ်ခြင်းဂုဏ် နှင့်ပြည့်စုံ သည်။ ကိုယ်ပိုင်ဂုဏ်မျိုး တန်ခိုးထိန်လင်းဆိုသည့်အတိုင်း ကိုယ်ပိုင်ဂုဏ်မျိုးသည်ကား တန်ဖိုးကြီး၏။ မိမိ၏ ကိုယ်ပိုင်ဂုဏ်ဖြင့် သူတစ်ပါးတို့ကို လွှမ်းခြုံနိုင်သည်။ စစ်မှုနယ်ပယ်တွင်လည်းကောင်း၊ စီးပွားရေးနယ်ပယ် တွင်လည်းကောင်း၊ ပညာရေးနယ်ပယ်တွင်လည်းကောင်း၊ နိုင်ငံရေးနယ်ပယ်တွင်လည်းကောင်း မိမိကိုယ် မိမိယုံကြည်မှု အပြည့်အဝဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းသည် ကိုယ်ပိုင်ဂုဏ်ရှိခြင်းဖြစ်ပေသည်။

ဝီရိယနှင့်ရဲရင့်ခြင်းရှိသူသည် သာမန်လူတို့ထက် ပိုမိုကျွမ်းကျင်သည်။ ကျွမ်းကျင်သည်နှင့် ယုံကြည်မှုရှိလာ သည်။ ကျွမ်းကျင်မှုရှိသည်နှင့် ရဲရင့်ခြင်းသည် အလိုလိုကပ်ပါလာပေသည်။ ဝီရိယရှိခြင်းနှင့်ရဲရင့်ခြင်းတို့သည် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာဖြစ်သည်။ ကြောက်စိတ်ဝင်နေသူတိုင်း အောင်မြင်မှုနှင့် ဝေးကွာနေမည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသူတိုင်းတွင် “ခြောက်တိုင်းလည်းမကြောက်နဲ့၊ မြှောက်တိုင်း လည်း မမြောက်နဲ့၊ ချော့တိုင်းလည်းမပျော့နဲ့” ဟူသော  ရဲရင့်ခြင်းသံမဏိ စိတ်ဓာတ်မွေးမြူကြရသည်။ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယသည် တစ်ဂိုဏ်းတည်းဖြစ်ပေရာ တိုးတက်ကြီးပွားလိုသူတိုင်း ထိုစိတ်ထားကို မွေးမြူကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။  ။