အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၉ ရက်)

ပြည်သူလူထုဘဝ တိုးတက်မြင့်မားရေး

ကမ္ဘာ့နိုင်ငံကြီး အချို့တွင် COVID-19 ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နေကြသော်လည်း ကမ္ဘာ့ နိုင်ငံ အားလုံး သို့ ဖြန့်ဝေပေးနိုင်မှုခက်ခဲသေးကြောင်း  သိရှိရသည်။ COVID-19 ရောဂါဖြစ်ပွား မှုသည် နိုင်ငံတိုင်းလိုလိုမှာပင် လျော့နည်း သွားခြင်းမရှိသေးသည့်အတွက် ကမ္ဘာ့လူသားတိုင်း အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ကာလ ကြာမြင့်စွာ ဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် လူသားတို့၏ လူနေမှုဘဝများသည် မှန်းဆ၍မရဘဲရ ှိနေသည်။ မြန်မာနိုင်ငံတွင်လည်း COVID-19 ရောဂါ ထိန်းချုပ် ကန့်သတ်မှုကို ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့် ခဲ့ ရသည်။

အရှေ့တောင်အာရှ ၁ဝ နိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ၊ ရောဂါပိုးကင်းစင် သွားသူ၊ ပိုးတွေ့ သေဆုံး လူနာအရေအတွက်မှာ မြန်မာနိုင်ငံသည် တတိယနေရာတွင်ရှိနေသည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံး အနေဖြင့် စားသတိ၊ သွားသတိ၊ နေသတိ၊ ထိုင်သတိ စသည်ဖြင့်လှုပ်ရှားမှုတိုင်းတွင် သတိရှိရှိနေထိုင်ကြ ရပေလိမ့်မည်။ တစ်ဦးချင်း ကာကွယ်ထားနိုင်မှ  ရောဂါထိန်းချုပ်မှု အဆင်ပြေပေလိမ့်မည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ တပ်မတော်သည် ပြည်သူ လူထု ကောင်းကျိုး ချမ်းသာမှုကို အစဉ်ရှေးရှုလျက်ရှိသည်။ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာကို ကုသရေး လုပ်ဆောင်ရာတွင် ပြည်သူ့ ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်မှု ရှိနေသည်။ ထိုလိုအပ်မှုအတွက် အထောက် အကူဖြစ်စေရန် တပ်မတော် အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေး ဌာနများ အရောက် သွားရောက် လှူဒါန်းလျက်ရှိသည်။

သယ်ယူပို့ဆောင်ရေးတွင် တပ်မတော် မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပေးခဲ့သည့်အတွက် ဆေးရုံ၊ ဆေးကု ဌာန များ အတွက် အဆင်ပြေပြေရှိနေကြောင်း သတင်းကောင်းကြားသိရသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုပိုးတွေ့ လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများ အား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်နေ သည်မှာ ပြည်သူလူထု၏ အကျိုးစီးပွားကို သယ်ပိုးနေခြင်းဖြစ်သည်။ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးနေသည့်အပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ များကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိသည်။ ယခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ရောဂါပိုး တွေ့လူနာများကို လူမျိုးဘာသာ မရွေး လက်ခံ၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ လူနာများ စိတ်ချမ်းသာစွာ နေထိုင်ကုသ ပျောက်ကင်းသည့် သတင်းများ ကြားသိရသည်မှာလည်း ဝမ်းသာဖွယ်ဖြစ်ပေသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန် တော်တို့တွင်  သံဃာတော်များ၊  သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ နေထိုင်စားသောက်ရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ  လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် တောင်ဥက္က လာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၊ မော်လမြိုင်မြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့တွင်လည်း COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့်    သီးသန့်စောင့်ကြည့်ရမည့်သူများအား  ဆက်လက် လက်ခံပြီး ဆေးဝါး ကုသပေးလျက်ရှိသည်။  သီးသန့်စောင့်ကြပ်ကြည့်ရှု ထားသူများအနက်မှ  သတ်မှတ်ရက်ပြည့် သူများကိုလည်း တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့်  လိုက်လံ ပို့ဆောင် ပေးလျက် ရှိသည်။

COVID-19 ရောဂါကြောင့် ဆွမ်းအခက်အခဲ ကြုံနေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများ  ဆက်ကပ် လှူဒါန်းပြီး ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည်မှာလည်း သာဓု ခေါ်ဖွယ်ရာ၊ ဝမ်းမြောက်ကြည် နူးစရာဖြစ်သည်။ ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ သွားလာမှု အဆင်မပြေမှုတို့ကြောင့် ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင် စေရန် အာဟာရဖြည့် စားသောက်ဖွယ် ရာများကို ဆက်လက်လှူဒါန်း ပေးလျက်ရှိသည်။  တပ်မတော် အနေဖြင့် နေရာဒေသ တစ်ခုတည်းတွင် ဆောင်ရွက်ပေးခြင်း မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပေရာ  တပ်မတော်၏  စွမ်းဆောင် ကြိုးပမ်းချက်များမှာ  ပြည်သူလူထုဘဝ တိုးတက် မြင့် မားရေးကို အလေးထားခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။