ရွှေရုပ်သွင်တစ်ခေတ်ဆန်း ပြည့်တစ်ဝန်းအလှဆင်

မြန်မာအမျိုးသမီးများ၏ အလှတန်ဖိုးကို အသားအရေကောင်းခြင်း၊ သမင်မျက်စိကဲ့သို့ ကြည်လင်သော မျက်လုံးရှိခြင်း၊ သေးငယ်သောခါး၊ သွယ်လျသောပေါင်တံ၊ ကောင်းသောဆံပင်၊ ညီညာသောသွား၊ တွင်းနက် သောချက်၊ မြင့်မြတ်သောကိုယ်ကျင့်တရားဟူ၍ အချက်ရှစ်ချက်ဖြင့်စံပြုထားသည်။ မြန်မာလူမျိုးများသည် ဆံပင်ကို အမြတ်တနိုးထားသူများဖြစ်သည်။ ဣတ္ထိယမူ ရူပါကောင်းလျက် ဆံထုံးဖျက်ဆိုသည့်အတိုင်း ဆံပင်ကိုအမျိုးမျိုးထုံးနှောင်ရစ်ဖွဲ့ကြသည်။ ဆံပင်နှင့်မျက်နှာပုံပန်း အချိုးအစားပြေမှုမရှိလျှင် အလှပျက်တတ် သည်ဖြစ်ရာ လိုအပ်သောပစ္စည်းကိရိယာ၊ နံ့သာဆီမွှေးများနှင့်တွဲဖက်၍ သုံးလာခဲ့ကြသည်။ အထွတ်အထိပ် ဦးခေါင်းတွင်ပေါက်သည့်အတွက်လည်း ဦးသျှောင်ဆံပင်ဟု တင်စားကြသည်။

ရှင်တေဇောသာရ၏ ရွှေရုပ်သွင်ရတုတွင် စာဆိုက “သိင်္ဂရောင်ရွှန်း၊ ရွှေပုံသွန်းသို့၊ လန်းလန်းလက်လက်၊ လိုက်ဖက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလွ၊ ထုံးနောက်စနှင့်” ဟူ၍လည်းကောင်း၊ “ရုပ်သွင် ပျိုချော၊ တင့်မောပေစွ၊ သဘောတည်ကြည်၊ မျိုးမြတ်မည်နှင့်၊ ရွှေရည်ရုပ်တု၊ ပုံသွင်းပြုသို့၊ ပျိုနုလတ်လတ်၊ ဝင်းရှိမ်းမတ်မူ၊ သွယ်ပတ်ဝေေ၀၊ ထုံးနောက်ခွေနှင့်”ဟူ၍လည်းကောင်း၊ “မြင်လျှင်လွန်ကြူး၊ သောက်ရှူး သော်တာ၊ လအဝါသို့၊ ပြင်လျာဆုံစည်း၊ ရွှေဖျင်ပည်းဝယ်၊ စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်” ဟူ၍လည်း ကောင်း မြန်မာအမျိုးသမီးကလေးများ၏ ဆံကေသာနှင့်အလှကိုဖွဲ့ဆိုထားသည်မှာ ကြည်နူးစရာပင်ဖြစ်သည်။

ထိုမျှမက လှပသော၊ အရည်အချင်းရှိသော မြန်မာအမျိုးသမီးကလေးများသည် လွန်စွာကြမ်းတမ်းလှသော စစ်အတတ်ပညာကို တတ်မြောက်အောင် သင်ကြားရသည်မှာ လွယ်ကူလှသော အလုပ်မဟုတ်လှပါ။ စစ်မိန့်သံ၏အခြေခံဖြစ်သော သတိ၊ သက်သာ၊ အေးစေ စတင်လှုပ်ရှားရသည်မှ လေ့ကျင့်ရေး၏ အခြေခံဖြစ် သည့် ပစ်၊ ထောက်၊ လှိမ့်မှောက် စသည်ဖြင့်သင်ခန်းစာများကား ပင်ပန်းပေလိမ့်မည်။ ထိုမျှမကလည်း ပြေး လွှားရုန်းကန်ရမည်မှာ သေချာသည်။ မိဘများဘက်ကကြည့်မည်ဆိုလျှင်လည်း မိဘတိုင်းသည် မိမိတို့၏သား သမီးများ ပင်ပန်းဆင်းရဲမည်ကိုစိုးရိမ်ကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။

သို့သော် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းသားတို့သည် တက်ကြွသည်၊ ရဲရင့်သည်၊ စိတ်ဓာတ် ကြံ့ခိုင်မာ ကျောသည်။ အပင်ပန်းအဆင်းရဲကိုကြောက်သူများမဟုတ်တော့။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)က ကိုးလကြာလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သည့်အတွက် ကျောက်သားအသွင်မာကျော၍ နေပြီ တည်း။ သူတို့သည် ဝမ်းရေးတစ်ခုတည်းအတွက်နှင့် စစ်မှုထမ်းနေခြင်းမဟုတ်ကြသည်မှာ ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွေ၏ ပညာအရည်အချင်းသည်ကား မဟာဘွဲ့နှင့် မဟာဘွဲ့ဆက်တက်ရန် အရည်အချင်းမီသူများဖြစ်နေသောကြောင့်တည်း။

သူတို့သည် နိုင်ငံတော်ကိုချစ်သည်။ တပ်မတော်ကိုချစ်သည်။ နိုင်ငံနှင့်လူမျိုးကို ချစ်သည်။ ထို့ကြောင့် တပ်မတော်တွင် စစ်မှုထမ်းအဖြစ် ဝင်ရောက်လာကြခြင်းဖြစ်သည်။ ထိုအချစ်စိတ်များကြောင့်လည်း သင်တန်း ကာလ အခက်အခဲပေါင်းများစွာကို ရဲဝံ့စွာ၊ တည်ကြည်စွာ ရင်ဆိုင်ခဲ့ကြပြီးဖြစ်ကြသည်။ စစ်မိန့်စစ်သံအောက် တွင် ထွန်းတောက်လာကြရသောအခါ ဖော့ဖယောင်းမှ သံချောင်းကဲ့သို့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံး မာကျောလာပြီဖြစ်သည်။ သူတို့သည် ဒေါင်ဒေါင်မြည် အမျိုးသမီးဗိုလ်လောင်းအဖြစ်မှ မကြာမီတွင် ပြန်တမ်း ဝင်အရာရှိများအဖြစ် တာဝန်ယူကြရပေတော့မည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား စဉ် ဆက်မပြတ် လေ့ကျင့်သင်ကြားမွေးထုတ်ပေးခဲ့သည်မှာ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇) သို့ ရောက်ရှိပြီဖြစ်သည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ မွေးဖွားလာသော ရင်နှစ်သည်းချာ သားသမီးရတနာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်ဖြစ်ရာ ပြည်သူမွေးဖွား ပြည်ချစ်စစ်သား၊ စစ်သမီးတို့သည် ပြည်သူလူထု၏ ကောင်း ကျိုးချမ်းသာကိုသာ ဆောင်ရွက်ကြမည်ဖြစ်သည်။ အမျိုးသမီးဆိုသည်မှာ သဘာဝအားဖြင့် အလှအပကို နှစ်သက်မြတ်နိုး စုံမက်ကြသူများသာဖြစ်သည်။ တပ်မတော်တွင် အမှုထမ်းလျက်ရှိသည့် စစ်သမီးများမှာမူ မိမိတို့၏ တစ်ဦးချင်းအလှထက် မိမိနိုင်ငံတော်ကြီးထာဝစဉ်လှပရေးကိုသာ ဦးစားပေးထားသူများဖြစ်ပါ ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။     ။