ကပိုင်-သပိတ်ဆေးလမ်းရှိ မတ်စောက်သောနေရာငါးခု၌ ကွန်ကရစ်လမ်းခင်းကျင်းမှု ၆၅ ရာခိုင်နှုန်းပြီးစီး

ယင်းမာပင်၊ လမ်းပန်းဆက်သွယ်ရေး

ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပစံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးလမ်းကြောင်း တစ်လျှောက်ရှိ တောင်အဆင်း အတက်မတ်စောက်သော နေရာငါးခု၌ ကွန်ကရစ် လမ်း ခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အလောင်းတော်ကဿပဘုရား လေးမြို့နယ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်းထံမှသိရသည်။

ကွန်ကရစ်လမ်းခင်းကျင်းမှုကို အလောင်းတော်ကဿပစံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးလမ်းတစ်လျှောက် အတက်အဆင်းမတ်စောက်သည့် သနပ်ခါးရည်၊ ဝက်ကျ၊ မင်းသန့်၊ ချောင်းမကြီးနှင့် ပတ်တရား စသည့်နေရာငါးခုတွင် ကွန်ကရစ်လမ်းခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကွန်ကရစ်လမ်းခင်းနေတဲ့နေရာတွေက ဘုရားဖူးရာသီမှာ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေဖြစ်တာကြောင့် မဖြစ် မနေခင်းနေတာ ဖြစ်ပါတယ်။ နှစ်စဉ်ဘုရားဖူးရာသီတိုင်း တချို့နေရာတွေမှာ ယာဉ်ပိတ်ဆို့မှု၊ ယာဉ် မတော် တဆမှု ခဏခဏဖြစ်တတ်တဲ့နေရာတွေကို ဦးစားပေး ခင်းကျင်းနေတာဖြစ်ပါတယ်။ ကွန်ကရစ်လမ်းခင်းဖို့ အလောင်းတော်ကဿပဘုရား လေးမြို့နယ်ဥက္ကဋ္ဌ ဆရာတော်ကြီးလေးပါးရဲ့ သြဝါဒခံယူပြီး ခရိုင်ရဲ့ ကြီးကြပ်မှုနဲ့ အခုနှစ်မတ်လအတွင်းမှာ ပြင်ဆင်မှုတွေလုပ်ဆောင်ပြီး ဧပြီလဆန်းပိုင်းကစပြီး   ခင်းကျင်းခဲ့ပါ တယ်။ မိုးရာသီအတွင်းမှာ ခင်းတာဖြစ်တာကြောင့် အချိန်ကြာနေတာဖြစ်ပါတယ်။ အခုပွင့်လင်းရာသီမှာ ဆက်ပြီး လုပ်ဆောင်ခဲ့တာ အခုလုပ်ငန်းအားလုံးရဲ့ ရာခိုင်နှုန်း ထက်ဝက်ကျော်တော့ပြီးသွားပါပြီ။ လုပ်ငန်း အားလုံးကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးခင်းကျင်းသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီလမ်းကြောင်းမှာ မဖြစ်မနေပြုပြင်ပေးရမယ့် ချောင်းအဆင်းအတက်တွေရှိတဲ့ နေရာနှစ်ခု လောက်ကျန်သေး တယ်။ ဘုရားဖူးရာသီမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ အန္တရာယ်ကင်းရှင်းစွာနဲ့သွားလာနိုင် အောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်” ဟု အလောင်းတော်ကဿပဘုရား လေးမြို့နယ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောသည်။

ကပိုင်-သပိတ်ဆေးလမ်းပေါ်ရှိ အတက်အဆင်းမတ်စောက်သည့် နေရာငါးခုတွင် ကွန်ကရစ်လမ်း ခင်းကျင်းမှု အနေဖြင့် အမြင့် ၁ ပေ၊ လမ်းအကျယ် ၁၈ ပေရှိ ကွန်ကရစ် လမ်းအရှည် ၅ ဖာလုံအား အလောင်းတော် ကဿပဘုရားရန်ပုံငွေကျပ်သိန်း ၂၀၀၀ ကျော်ဖြင့် ဧပြီလကတည်းက စတင်ခင်းကျင်းပေးလျက်ရှိကြောင်း သိရသည်။   

(၆၁၁)