သာစည်မြို့နယ်၌ မေမြို့ပန်းများထွက်ရှိချိန်တွင် အရောင်းအဝယ်နည်းပါးမှုကြောင့် ဈေးနှုန်းကျဆင်း

မိတ္ထီလာ၊ ဈေးကွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မေမြို့ပန်းများထွက်ရှိချိန်တွင် ဝယ်ယူသူနည်းပါး၍ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း မေမြို့ပန်းစိုက်ပျိုးသူများထံမှ သိရသည်။

မေမြို့ပန်းများဖြစ်သော ခုနစ်ရောင်ခြယ်နှင့် ရိုးစိမ်းကျောက်နီ စသည့်ပန်းမျိုးများကို ဝါခေါင်လပြည့်ကျော်တွင်    ပျိုးထောင်၍ တစ်လကျော်ပါက ပြောင်းရွှေ့စိုက်ပျိုးရသည်။ ထိုသို့ပြောင်းရွှေ့စိုက်ပျိုးပြီး နှစ်လကျော်ပါက အပင်များ စတင်ရောင်းချနိုင်ပြီဖြစ်သည်။ မေမြို့ပန်းများ စိုက်ပျိုးရာတွင် ငါးရက်တစ်ကြိမ်ရေသွင်းပေးရပြီး   ပိုးမွှားကာကွယ်ဆေးကိုလည်း အပင်များပိုးကျသည့်အပေါ်မူတည်၍ ပိုးမွှားကာကွယ်ဆေးများ ဖျန်းပေး ရသည်။

ယခုနှစ်တွင် မေမြို့ပန်းမျိုးစေ့ နှစ်ပုလင်းစိုက်ပျိုးခြင်းဖြစ်ပြီး ၎င်းစိုက်ပျိုးသည့် မျိုးစေ့များကိုလည်း ပထမ တစ်ကြိမ်သာဝယ်ယူ၍စိုက်ပျိုးပြီး နောက်နှစ်မှစတင်၍ စိုက်ခင်းမှ မေမြို့ပန်းများ ရောင်းချခြင်းလုပ်ငန်းအပြင် မျိုးစေ့ထုတ်ယူခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်နိုင်သည်။

ယခင်နှစ်က မေမြို့ပန်းပင် လေးပင်တစ်စည်းလျှင် ငွေကျပ် ၂၀၀ နှုန်းရောင်းချရသော်လည်း ယခုနှစ် မေမြို့ ပန်းများထွက်ရှိချိန်တွင် အခြားမြို့နယ်များမှ ပန်းသည်များ လာရောက်ဝယ်ယူခြင်းမရှိ၍ မိတ္ထီလာဈေး၌ သာရောင်းချရသဖြင့် လေးပင်တစ်စည်းလျှင် ငွေကျပ် ၁၀၀ မှ ၁၅၀ သာရောင်းချရကြောင်း သာစည်မြို့နယ် ရွှေလှံကျေးရွာ မေမြို့ပန်းစိုက်ပျိုးသူ ဦးဝင်းဌေးထံမှ သိရသည်။

အဆိုပါမေမြို့ပန်းများကို သာစည်မြို့နယ် ရွှေလှံကျေးရွာအပြင် မိတ္ထီလာမြို့နယ် ရွာသာအေးကျေးရွာ၌ စိုက်ပျိုးလျက်ရှိပြီး အာဆီယံသပြေ၊ ရေမွှေးပန်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

(၆၀၂)