နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက်
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၇) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ မြဝတီခန်းမ၌ကျင်းပရာကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး နှင့် ကျောင်းဆင်း ဗိုလ်လောင်းများတက်ရောက်ကြသည်။
အခမ်းအနား အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ တပ်မတော် အရာရှိကြီးများ နှင့်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးက ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာ များပေးအပ်ပြီးနောက် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်း ဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့် ဖြင့် ရာထူးခန့် အပ်ပေးခြင်း ဖြစ်သည်။ ဘွဲ့ရအမျိုးသမီးအရာရှိဗိုလ်လောင်း သင်တန်းအားတပ်မတော်အတွက် အရည်အချင်း ပြည့်ဝသည့် ဦးစီးအရာရှိ များ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုအခါဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းအမှတ်စဉ်(၇)အထိ လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ယခုဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းအမှတ်စဉ် (၇)တွင် မဟာသုတေသနဘွဲ့ရရှိသူ(၁)ဦး၊ မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ရရှိသူ (၂၆)ဦး၊ မဟာဘွဲ့တက်ရောက်ရန်အဆင့်မီသူ(၉)ဦး၊ သိပ္ပံနှင့် ဝိဇ္ဇာဘွဲ့ ရရှိသူ (၄၂)ဦးဖြစ်ကြောင်းနှင့် သင်တန်းဆင်းအမျိုးသမီးအရာရှိများ အနေဖြင့် သက်ဆိုင်ရာ(ကြည်း၊ ရေ၊လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီးတာဝန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။