မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကျန်းမာသောအနာဂတ်ဆီလျှောက်လှမ်းကြစို့

၁၉၉၂ ခုနှစ်မှစ၍ သြဂုတ်လပထမပတ်ကို World Breastfeeding Week (မိခင်နို့ချို တိုက်ကျွေးခြင်းဆိုင်ရာရက်သတ္တပတ်)အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းသို့သတ်မှတ်ခဲ့သော ရည်ရွယ်ချက်မှာ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိလာစေရန်နှင့် မိခင်နို့တိုက်ကျွေးခြင်း အလေ့အထများကို ပိုပြီးအားကောင်းလာစေရန် ရည်ရွယ်ပါသည်။

ကလေးမွေးလာသည့်အခါ မိခင်နို့တိုက်ကျွေးရမည်ဆိုသော အရာကိုသိကြသော်လည်း ကလေး အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးခြင်းကိုဖြင့်  မလုပ် ဖြစ်ကြတာများသည်။ သို့ဖြစ်ပါသောကြောင့် မိခင်နို့တိုက်ကျွေးခြင်းဖြင့် ပိုမိုကျန်းမာ စေသောအနာဂတ်ဆီလျှောက်လှမ်းနိုင်မည်ဖြစ်သည်။

ထို့အတူ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို မျှဝေပေးလိုသည်။ ကျွန်မတို့ သည်မွေးဖွားသည်မှစ၍ တစ်နှစ်သား ကျော်ခန့်အထိ မိခင်နို့ရည်ကို သောက်သုံးခဲ့ကြသည်။ ယနေ့ခေတ်တွင် နို့မှုန့်အမျိုးမျိုးပေါ်နေသော်လည်း ကလေးများနှင့် အသင့်မြတ်ဆုံးသော နို့ရည်မှာ မိခင်နို့ရည်သာဖြစ်သည်။ မိခင်၏ နို့ရည်သည် ကလေးငယ်၏ ဖွံ့ဖြိုးကြီး ထွားသန်မာမှုအတွက် ရသာရည်၊ အသွေး၊ အသားစသော အာဟာရဓာတ်တို့ပြည့်ဝစွာ ပါဝင်သဖြင့် အဖိုးတန်ဆုံးဖြစ်သည်။

မိခင်နို့ထွက်ရှိသော အချိန်ကာလကိုလိုက်၍ အမျိုးမျိုးခွဲခြားထားသည်။ နို့ဦးရည်ဆိုသည် မိခင်ကိုယ်ဝန်လရင့်လာချိန်မှစ၍ ထွက်သောနို့ရည်ဖြစ်သည်။

နို့ဦးရည်သည် အဝါရောင်ဖြစ်ပြီး တစ်နေ့လျှင် ၁၀ စီစီမှ ၁၀၀ စီစီခန့်သာ ထွက်သည်။ ယင်း နို့ရည်သည် မွေးဖွားပြီး ပထမသုံးရက်အတွင်း မိခင်နို့လှိုင်လှိုင် မလိုက်မီထွက်ပါသည်။  နို့ဦးရည်သည် နောက်ပိုင်းထွက်သော မိခင်နို့ရည်နှင့် အောက်ပါ အချက်အလက်များ ကွာခြားသည်။ ပရိုတင်းဓာတ်များခြင်း၊ ဓာတ်ဆားများခြင်း၊ ခုခံကာကွယ်ဓာတ်များခြင်း၊ အဆီဓာတ်နည်းခြင်း တို့ဖြစ်သည်။ နို့ဦးရည်တွင် ပရိုတင်းဓာတ် (၈ ဒသမ ၅ ရာခိုင်နှုန်း)၊ သကြားဓာတ်(၃ ဒသမ ၅ ရာခိုင်နှုန်း)၊အဆီ(၂ ဒသမ ၅ ရာခိုင်နှုန်း)၊ သတ္တုဓာတ်(သုည ဒသမ ၄ ရာခိုင်နှုန်း)၊ ရေဓာတ်(၈၅ ဒသမ ၁ ရာခိုင်နှုန်း) ပါဝင်သည်။နို့ဦးရည်တွင် ရောဂါကာကွယ် သောပဋိဇီဝပစ္စည်းများ အများအပြားပါဝင်သဖြင့် မွေးကင်းစကလေးငယ်အတွက် ပထမဦး ဆုံး အကြိမ်ရရှိသော ရောဂါကာကွယ်ဆေးဖြစ်သည့်အပြင် အာဟာရပြည့်ပြီး လုံလောက် သည်။ ကလေးမီးဖွားပြီး သုံးရက်ခန့်ရှိသောအခါ နို့ဦးသည်ပြာလဲ့လဲ့ နို့ရည်မှန်အဖြစ် ပြောင်းလဲသွားသည်။

လမစေ့နို့ရည်ဆိုသည် လမစေ့မီမွေးဖွားသော မိခင်မှထွက်သော နို့ရည်ကိုခေါ်သည်။ ယင်းနို့ရည်သည် နို့ဦးရည်ကဲ့သို့   ဒြပ်ပစ္စည်းများ ပါဝင်ပါသည်။ လမစေ့နို့ရည်သည် လမစေ့မီ မွေးဖွားသော ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်သည်။ လစေ့နို့ရည်ဆိုသည်  နေ့စေ့ လစေ့မွေးဖွားသော မိခင်၏ နို့ရည်ဖြစ်သည်။ နို့ဦးရည်ထွက်ပြီးနောက် မွေးဖွားပြီး နှစ်ရက် နောက်ပိုင်းထွက်သော နို့ရည်ဖြစ်သည်။ လစေ့နို့ရည်ကိုထပ်မံကာ သုံးမျိုးခွဲခြားထားသည်။ ရှေးဦးနို့ရည်ဆိုသည် ကလေးစို့လျှင် စို့ချင်းထွက်လာသော နို့ရည်ဖြစ်သည်။ ယင်းနို့ရည် သည်ရေပိုများသဖြင့်  ကျဲပြီး ကလေးငယ်လတ်တလော ရေငတ်မှုကိုပြေစေသည်။

နှောင်းပိုင်းနို့ရည်ဆိုသည်မှာ ကလေးစို့ပြီးခါနီး အချိန်တွင် ထွက်လာသော နို့ရည်ဖြစ်သည်။ ယင်းနို့ရည်တွင် အဆီဓာတ်ပိုမိုပါဝင်သဖြင့် ကလေးအားအဆာပြေစေသည်။  နို့တိုက်သော အခါ  နောက်ဆုံးညှစ်၍ရသောနို့ရည်ထဲ၌  အဆီများစွာပါဝင်သည်။

ထို့ကြောင့် ကလေးဆီလုံလောက်စွာ ရရှိနိုင်ရန်နို့တိုက်တိုင်း အနည်းဆုံးနို့ တစ်ဖက်မှ ညှစ်၍ရသော နောက်ဆုံးနို့ရည်ကို တိုက်ကျွေးရန်လိုသည်။ သက်သည့်နို့ရည်ဆိုသည်  မိခင်နို့ တိုက်ကျွေးနေစဉ် ကလေးမစို့သည့် ဘက်မှ အလိုအလျောက်ကျလာသော နို့ရည်ဖြစ်သည်။ ယင်းနို့ရည်သည် ရှေးဦးနို့ရည်နှင့်တူပါသည်။ ရေပိုများသည်။ မိခင်နို့ရည်တွင်ပါဝင်သော ဒြပ်ပစ္စည်းများ၏ အချိုးအစားသည် မွေးခါစကလေးငယ်များအတွက် ပြုပြင်ရန် လုံးဝ မလိုသော အချိုးနှင့်ပါဝင်သည်။ ပရိုတင်းဓာတ်သည် မိခင်နို့ရည်တွင်ပျမ်းမျှ( ၁ ဒသမ ၁ ရာခိုင်နှုန်း) ပါဝင်သည်။ ယင်းအချိုးအစားသည် မွေးခါစကလေးတစ်ဦး၏ ပရိုတင်းဓာတ် လိုအပ်ချက်နှင့် ညီမျှပါသည်။ ပရိုတင်းဓာတ်သည် အစာကြေရန်လွယ်ကူပြီး အစာ အိမ်တွင် ပျော့ပျောင်းသော မလိုင်ဖတ်ကိုသာ ဖြစ်စေသည်။

ကစီဓာတ်သည် မိခင်နို့ရည်တွင်(၇ ရာခိုင်နှုန်း) ပါဝင်ပြီး မိခင်နို့ရည်ကိုချိုစေသည်။ ကလေး အား အင်အားဓာတ်ကိုပေးသည်။ ထို့အတူ မိခင်နို့တွင်ပါဝင်သော အဆီဓာတ်သည်လည်း ကလေးအတွက်အဓိက လိုအပ်သော အင်အားဓာတ်ကိုပေးသည်။ မိခင်နို့တွင်ပါဝင်သော အဆီဓာတ်သည် ကလေး၏ ကျန်းမာရေးအတွက်သင့်လျော်သော Polyunsaturated fat ဖြစ် သည်။

ဗီတာမင်အေ၊ ဘီ၊ စီ၊ ဒီတို့သည်လည်း မိခင်နို့ရည်တွင် ပါဝင်သည်။သို့သော် ဗီတာမင်သည် ချို့တဲ့စွာပါဝင်သဖြင့် နို့တိုက်မိခင်သည် ဗီတာမင်ဓာတ်များ ပါဝင်သော အစာအာဟာရများ စားသုံးရန် လိုအပ်သည်။ဓာတ်ဆားများ ပါဝင်မှု အချိုးအစားသည်နည်းပါးသဖြင့် ကလေး အတွက် သင့်လျော်သည်။ မိခင်နို့ရည်တွင် သံဓာတ်ပါဝင်မှုနည်းသော်လည်း ပါဝင်သမျှ သံဓာတ်၏ (၄၉ ရာခိုင်နှုန်း) ကိုခန္ဓာကိုယ်မှ အသုံးချနိုင်သဖြင့် အသက်လေးလအရွယ်အထိ   မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သောကလေးများတွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှု နည်းပါးသည်။ ထို့အတူ မိခင်နို့ရည်တွင် အိုင်အိုဒင်းဓာတ်ပါဝင်သဖြင့် လည်ပင်းကြီး ရောဂါ ကိုကာကွယ်နိုင်သည်။ ကလေးကိုနို့ဆာတိုင်း တိုက်ကျွေးရုံနှင့် ကလေးအတွက် တစ်နေ့တာ လိုအပ်သောရေကိုရရှိစေသည်။ သို့ဖြစ်၍ ကလေးအသက်လေးလ အထိဖြည့်စွက်စာများ ကျွေးရန် မလိုအပ်မီ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်သည်။ ပူအိုက်သော ရာသီ များတွင်ပင် ရေတိုက်စရာမလိုပါ။ ကမ္ဘာပေါ်တွင်ရှိသော နို့မှုန့်များထက် မိခင်နို့တစ်မျိုး တည်းတွင်သာ ရောဂါများကို ကာကွယ်နိုင်သော ဂုဏ်သတ္တိများ ပါဝင်သည်။ အဆိုပါ ဂုဏ်သတ္တိများသည် နို့ဦးရည်တွင် ရာခိုင်နှုန်းအများဆုံးပါဝင်ပြီး နောက်ပိုင်းထွက်လာသော  မိခင်နို့ရည်တွင်လည်း ပါဝင်သည်။ ဤသို့ဖြင့် ပေါများနေသော နို့မှုန့်များကြားမှဖြစ်နိုင်လျှင် အဖိုးတန်ဆုံး မိခင်နို့ရည်ကိုသာ တိုက်ကျွေးပြီး ကျန်းမာသော အနာဂတ်ဆီ လျှောက်လှမ်း ကြပါစို့။     ။

မုဒိတာ(တောင်သာ)