ကျေးလက်တောရွာများ၌ ယနေ့တိုင်အသုံးပြုလျက်ရှိသည့်နွားလှည်း

နွားလှည်းကို ရှေးခေတ်ဘုရင်များ လက်ထက်မှစ၍ အသုံးပြုသော နှစ်ဘီးတပ် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်သည်။ နှစ်ဘီးတပ်လှည်းများတွင် နွား၊ မြင်း စသော တိရစ္ဆာန်အမျိုးမျိုးဖြင့် ဆွဲရသော လှည်းများ ရှိသကဲ့သို့ လူဆွဲ၊ လူတွန်းရသော လှည်းမျိုးများလည်းရှိသည်။ မြန်မာနိုင်ငံတွင် ယခုအခါ စက်တပ်ယာဉ်များ အသုံးပြုနေကြပြီဖြစ်သော်လည်း ကျေးလက်တောရွာများတွင် နွားလှည်းများကို ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည်။

ရှေးအခါက တောရွာများတွင် နွားလှည်းများကို လယ်ယာလုပ်ငန်းများ၌ လည်းကောင်း၊ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းများ၌လည်းကောင်း၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ စသော ပွဲများ၌လည်းကောင်း နွားလှည်းမရှိလျှင် မဖြစ်ပေ။ ယင်းနွားလှည်းများကို မင်္ဂလာဆောင်များ၌ လက်ဖွဲ့ရာတွင် လယ်တစ်ပွဲ၊ လှည်းတစ်စီး၊ နွားတစ်ရှဉ်း စသည်တို့ပါဝင်လာခြင်းဖြင့် ကျေးလက်တောရွာနေ မြန်မာလူမျိုးများသည် နွားလှည်းများအား မည်မျှတန်ဖိုး ထားကြသည်ကို သိသာနိုင်သည်။

ရှေးမြန်မာတို့ အစဉ်အဆက်အသုံးပြုခဲ့ကြသော လှည်းများမှာ လှည်းယဉ်၊ ခြံအိမ်လှည်း၊ ပေါင်းမိုးလှည်း၊ လှည်းမြီးတို၊ ရေစည်လှည်း၊ ဘုံလျှိုလှည်း၊ မယားကန်လှည်းဟူ၍ ခုနစ်မျိုးရှိသည်။ လှည်းတစ်စီးတွင်ပါဝင် သောအစိတ်အပိုင်းများမှာ လှည်းပုံတောင်း၊ တံကူ၊ ခွေသတ်ဘီးထောက်၊ နန်းရင်းခွေ၊ နန်းဖျားခွေ၊ သံဖိနပ်၊ ဆိတ်မျက်လုံး၊ လှည်းနားစောင့်၊  ဝင်ရိုး၊  ဇင်တုံး၊  ဝက်စွယ်၊ ဝင်ရိုးဖုံး၊ ခြံအိမ်၊ ရံတန်း၊ လက်တင်တန်း၊ ရံတိုင်၊ ရံမတိုင်၊ ထုပ်၊  ရက်ဖောက်ထုပ်၊ လှည်းသန်၊ လှည်းသန်ထုပ်၊ ကတ်ကျည်း၊ ခြံအိမ်ကပ်၊ ကပ်ဖုံးငြိမ်၊ ဝန်ကော်၊ ဆောင်ပန်း၊ ဆောင်ပန်းကပ်၊ စွယ်ရန်း၊  စွယ်ရန်းတိုင်၊ ဓားမချပ်၊ ထမ်းပိုးတုံး၊ ထမ်းပိုးကျည်း၊ ထမ်းပိုးကြိုး၊ ဦးပိုးကြိုး၊ ဦးပွတ်ကျည်၊ ကုပ်နှိပ်ကြိုး၊ ဦးကင်း၊ လှည်းဒေါက်ခွ၊ ပြန်ကထောက်၊ နောက်ထောက်၊ ပေါင်းမိုး တို့ဖြစ်သည်။

လှည်းများ ပြုလုပ်တည်ဆောက်ရာတွင် လှည်းသန်၊ ထမ်းပိုးတုံး၊ ဝင်ရိုးတို့၏ အရှည်ပမာဏကို လှည်းဆရာ များက အထူးဂရုစိုက်ကြရသည်။ လှည်းပြုလုပ်ရာတွင် စည်းစနစ်မှန်ကန်ပါမှ လှည်းကောင်းတစ်စီးဖြစ်နိုင်ပေ သည်။ လှည်းကောင်းဟုဆိုရာတွင် ကြည့်၍ လှပရုံ၊ ကြာရှည်ခံရုံမျှနှင့် လှည်းကောင်းဟု မခေါ်ဆိုနိုင်သေးပေ။ အမှန်ကောင်းသော လှည်းသည် နွားများ၊ ကျွဲများဆွဲရာ၌ လွယ်ကူသက်သာစေရမည်။ သူ့အချိုးအစားနှင့်သူ  ချိန်သားကိုက် စီမံထားသောလှည်းသည် ကုန်ချိန်မည်မျှပင်လေးသည်ဖြစ်စေ အလေးမျှ၍ ပြေပြစ်စွာလိမ့်ပါ သွားခြင်းကြောင့် လှည်းကိုရုန်းဆွဲရသော ကျွဲ၊ နွားများကို သက်သာမှုပေးနိုင်သည်။  

ထိုကဲ့သို့ လှည်းများကို ကျွမ်းကျင်သည့် လက်သမားဆရာတို့အား ပြုလုပ်စေပြီး ကျေးလက်တောရွာများတွင်   ယနေ့တိုင် အသုံးပြုလျက်ရှိကြောင်း ရေးသားလိုက်ရပေသည်။  ။         

ဇေယျာထက်(မင်းဘူး)