ငရုတ်အရည်အသွေးစံချိန်စံညွှန်း အားနည်းသည့်အတွက် ငရုတ်အားလုံးကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိဖြစ်နေ

မန္တလေး၊ စီးပွားရေး

မြန်မာနိုင်ငံမှထွက်ရှိသည့် ငရုတ်သီးအမှည့်(အစို)များကို တရုတ်နိုင်ငံမှ ဝယ်ယူမှုများသော်လည်း ငရုတ် အရည်အသွေး စံချိန်စံညွှန်းများ အားနည်းသည့်အတွက် ငရုတ်အားလုံး တင်ပို့နိုင်ခြင်းမရှိဖြစ်နေရကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်၏ ပြောပြချက်အရ သိရ သည်။

“တရုတ်နိုင်ငံက အရင်က ငရုတ်ကို ဗီယက်နမ်နိုင်ငံကဝယ်တယ်။ ဗီယက်နမ် နိုင်ငံက အဝင်အထွက်တွေ ပိတ်လိုက်တော့ မြန်မာနိုင်ငံက ငရုတ်သီးကို ဈေးကောင်း ပေးမယ်ဆိုပြီး ဝယ်ယူဖို့ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ ဒီကထွက်တဲ့ ငရုတ်သီးတွေကိုပြတော့ အရည်အသွေးစံချိန်စံညွှန်း အားနည်းလို့ မကြိုက်ဘူးဖြစ် နေတယ်”ဟု ဒေါ်ဥမ္မာကျော်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ငရုတ်သီးများ ထွက်ရှိနေသော်လည်း ရာသီဥတုအခြေအနေကြောင့် ပြည်ပသို့ တင်ပို့ရန် သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီမှုနည်းပါး နေသေးကြောင်း၊ အရည်အသွေးပြည့်မီသည့်     ငရုတ်သီးများ ထွက်ရှိရန်အတွက် GAP စနစ်ဖြင့် စိုက်ပျိုးမှုနည်းပညာ သင်တန်းများပေးရန် အစီအစဉ်ရှိ ကြောင်း သိရသည်။

ငရုတ်ကို မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးပြီး တစ်နှစ်ပတ်လုံး ငရုတ်ထွက်ရှိကာ ယခင်နှစ်များက ဗီယက်နမ်၊ ထိုင်း၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့ကလည်း ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။ 

ကိုလတ်