စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ AA အကြမ်းဖက်အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သြဂုတ် ၁၂ ရက်က AA အကြမ်းဖက်အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသောပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ မောင်းနှင်လာသော သုံးဘီး ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ကျော်ကျော်ဝင်း (၃၈)နှစ်၊ မောင်ပု(၃၈)နှစ်နှင့် သာဇံ (အသက် ၄၀) တို့အားစိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀၊ မြန်မာငွေကျပ် ၁၂ သိန်း၊ လက်ကိုင်ဖုန်းသုံးလုံး၊ AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတန်းပါ စစ်စိမ်းရောင် ယူနီဖောင်း တစ်စုံ၊ အစိမ်းရောင် ပြောက်ကျားဘောင်းဘီရှည်တစ်ထည်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း။

စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ထဲမှ တစ်ဦးသည် ၂၀၁၂ ခုနှစ်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး လိုင်ဇာတွင် သင်တန်းအမှတ်စဉ် ၈/၂၀၁၂ သို့တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် AAA (ARAKAN ARMY ASSISTANT) တပ်ဖွဲ့ဝင် အဖြစ် တာဝန်ပေး၍ လူထုဆက်ဆံရေးပညာအား သင်ကြားခဲ့ရကြောင်း၊ AA အကြမ်းဖက် အဖွဲ့သည်တိုက်ခိုက်ရေးလုပ်ငန်း ဆောင်ရွက်ရပြီး AAA အဖွဲ့သည် ကျေးရွာများအတွင်း နေထိုင်၍ စည်းရုံးရေး၊ လူသစ်စုဆောင်းရေးနှင့် အလှူငွေကောက်ခံသည့်လုပ်ငန်းများအား လုပ်ကိုင်ရကြောင်း၊ သင်တန်းဆင်းပြီးနောက် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ်ရှိ ကမ်းထောင်းကြီးကျေးရွာ၊ ပေါက်တူးတောင်ကျေးရွာ၊ တပ်ရွာ၊ သရက်တောင်ကျေးရွာ၊ ကြီးတောကျေးရွာနှင့် စက်ခုံမော်ကျေးရွာတို့တွင် ယနေ့အချိန်အထိ စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ပြီး AA အကြမ်းဖက်အဖွဲ့အတွက် လစဉ်အလှူငွေများ ကောက်ခံခဲ့ကြောင်း၊ တစ်လ လျှင် အလှူငွေကျပ်သိန်း ၄၀ ခန့်ရရှိပြီး ကောက်ခံရရှိသည့်ငွေများဖြင့် စားနပ်ရိက္ခာများ ဝယ်ယူ၍ တောထဲရှိ AA အကြမ်းဖက်အဖွဲ့များထံ ပို့ပေးခဲ့ရကြောင်း။

မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများကိုလည်း တာဝန်ပေးချက်အရ ဆောင်ရွက်ရပြီး ယခုဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မာရမကြီး ကယ်ဆယ်ရေးစခန်း အနီးနေ အောင်သိန်း(စိစစ်ဆဲ)ထံမှရယူ၍ ပါဒလိတ်စက်လှေဆိပ်သို့ ပို့ဆောင်ရန် ၎င်းတို့ သုံးဦးအတူသယ်ဆောင်လာစဉ် ဖမ်းဆီးခံရကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။               

(သတင်းစဉ်)