တာချီလိတ်မြို့အတွင်း ငွေကျပ် ၁၅ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဖုန်း(ခ)အုပ်စု၊ ဖတ်ဟိရွာအနီးရှိ ဖတ်ဟိ-ဝမ်ဆောက်ခုံသွားကားလမ်း၌ သတင်းအရ စောင့်ဆိုင်းနေစဉ် သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခန့်တွင် မလိပါကော်ကျေးရွာဘက်မှ ဖတ်ဟိကျေးရွာဘက်သို့ စိုင်းကျောက်(ဘ) ဦးအိုက်လှ မောင်းနှင်သည့် Honda Wave-125 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးနှင့် စိုင်းနော်ခမ်း(ဘ) ဦးလုံးအိမ် မောင်းနှင်သည့် ဖော်ကျူးနားအမျိုးအစား မော်တော်ယာဉ် တစ်စီးတို့ကို ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ် ၁၁ အိတ်ဖြင့်ထုပ်ထား သည့် အိုက်စ် ၂၁၀ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းချက်အရ ဝမ်ဆောက်ခုံကျေးရွာအနီးနှင့် ဖတ်ဟိကျေးရွာ ၏အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ နေရာများသို့သွားရောက်စစ်ဆေးရာ ရပ်တန့် ထားသည့် Alphard အမျိုးအစား မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်လေးအိတ်အတွင်းမှ အိုက်စ် ၇၈ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ၉ ဘီလီယံကျော်)ကို လည်း ကောင်း၊ ချက်ပလက်အမျိုးအစား မော်တော်ယာဉ်တစ်စီး ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ အိုက်စ်၃၃၈ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈ ဒသမ ၄ ဘီလီယံကျော်)ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၆ ဘီလီယံကျော်နှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းသို့ စနစ် တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)