တိုက်စွမ်းရည်တိုက်စွမ်းအားရှိသည့်တပ်မတော်(ရေ)

မြန်မာနိုင်ငံတွင် အကြီးမားဆုံးဘက်စုံသုံး ထောက်ပံ့ရေးယာဉ်ကြီးအပါအဝင် စစ်ရေယာဉ်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (၇၂)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်ခဲ့ကြသည်။

တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့်ဝင်ဆံ့နိုင်သည့် ပင်လယ်ပြာတပ်မတော်(ရေ)အဆင့် ရောက်အောင် လုပ်ဆောင်လျက်ရှိသည်မှာ ရဟန်းရှင်လူတိုင်းသူပြည်သားအားလုံးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။ ပိုမို၍ ဂုဏ်ယူဖွယ်ရာကောင်းသည်မှာ တပ်မတော်(ရေ)ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ် စစ်ရေယာဉ်မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ပြီဆိုသောသတင်းဖြစ်သည်။

မိမိနိုင်ငံတွင် မိမိတပ်မတော်သားများဖြင့် စစ်သင်္ဘောများ တည်ဆောက်နိုင်ခြင်းအကြောင်းကို ကြားရသူ အပေါင်းက ကြည်နူးပီတိဖြစ်မိကြသည်။ အပြောမဟုတ် အလုပ်ဖြင့် သက်သေပြနိုင်ခြင်းအတွက် စေ့စပ် သေချာစွာ တွေးကြည့်လျှင် သူတစ်ပါးကို အားကိုးနေရခြင်းမှကင်းဝေးခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ် နိုင်သည့်အတွက် ငွေကြေး ကုန်ကျမှုနည်းပါးခြင်း၊ သတင်းလုံခြုံမှုရှိခြင်း၊ ပညာရှင်များ၏ စွမ်းရည်များကို ပြသနိုင်ခြင်း စသည်ဖြင့်အကျိုးကျေးဇူးကား များပြားလှပေသည်။ တပ်မတော်(ရေ)တွင် အမှုထမ်းကြမည့် မျိုးဆက်သစ်လူငယ်များကို ပညာအမွေလက်ဆင့်ကမ်းပေးခြင်းဖြင့် တပ်မတော်(ရေ)သည် ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်လာဖွယ်ရာသာရှိပေတော့မည်။

နိုင်ငံတော်အတွက် ကာကွယ်ရေးစွမ်းရည်မြင့်မားရေးမှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) မဏ္ဍိုင်သုံးရပ်စလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ယနေ့ခေတ်အခါတွင် ပြည်ပကျူးကျော်စစ်မှန်သမျှသည် သမားရိုးကျ စစ်ဆင်နည်းများ မဟုတ်တော့ဘဲ နည်းလမ်းပေါင်းစုံ၊ နေရာပေါင်းစုံအသုံးပြုလျက်ရှိနေပြီဖြစ် သည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)သည် တစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်နေကြရသော အချိန်ကာလ ဖြစ်သည်။ မြန်မာတို့၏ အနာဟောင်းကို ပြန်တူးဆွကြည့်လျှင်လည်း အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် မြန်မာ တို့အပေါ် အနိုင်ယူသွားနိုင်သည်မှာ ရေတပ်အင်အားသာလွန်မှုဖြစ်သည်။ ရေကြောင်းမှ ရန်ကုန်သို့ အလစ် အငိုက်ဝင်ရောက်အနိုင်ကျင့်ကာ စစ်ပွဲကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)ကို နိုင်ငံတကာ အဆင့်ဝင်ဆံ့အောင် လုပ်ဆောင်နေခြင်းမှာ ရာနှုန်းပြည့်အမှန်တရားဖြစ်ပေသည်။

တပ်မတော်(ရေ)ဖြစ်ပေါ်လာပုံသမိုင်းကိုပြန်ပြောင်းတွေးကြည့်လျှင် တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ်ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ တပ်မတော်(ရေ)၏ဆောင်ပုဒ်မှာ “လှေခွက်ချည်းကျန် အလံမလှဲ” နှင့် “မြန်မာ့ပင်လယ် တို့ကာကွယ်” ဟူ၍ဖြစ်သည်။ လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှု ကာလတွင် တပ်မတော်(ရေ)ပါဝင်ခဲ့သည့်တိုက်ပွဲများမှာ အင်းစိန်တိုက်ပွဲ၊ ဝက်ကော်တိုက်ပွဲ၊ ပုသိမ်တိုက်ပွဲ၊ တွံတေးတိုက်ပွဲ၊ တွံတေးဝရွာသိမ်းတိုက်ပွဲ၊ ကျိုက်ပိမြို့တိုက်ပွဲ၊ လှိုင်းကာတိုက်ပွဲ၊ သလပ်ခွာရွာသိမ်းတိုက်ပွဲ၊ ညောင်တုန်း ဒေါင့်ကြီး ဇလွန်မြို့တိုက်ပွဲများ၊ ကန်ကြီးဒေါင့်တိုက်ပွဲ၊ ဓနုဖြူတိုက်ပွဲ၊ ထန်းတပင်တိုက်ပွဲ၊ ရွှေလောင်း တိုက်ပွဲတို့ဖြစ်သည်။

ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင်လည်း တပ်မတော်(ရေ)သည် တိုက်ပွဲပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ လုံးဝချုပ်ငြိမ်းသွားသည်မှာ တပ်မတော်(ရေ)၏ တိုက်ပွဲဝင်စွမ်းပကားကြောင့်ဖြစ်သည်။ တပ်မတော်(ရေ)တွင် အမှုထမ်းလျက်ရှိသော တပ်မတော်သားများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော အရည် အချင်းငါးပါးနှင့်ပြည့်ဝသူများဖြစ်ကြောင်း အဆိုပါတိုက်ပွဲများက သက်သေပြလျက်ရှိသည်။ ယနေ့အချိန် အခါတွင် လူ့စွမ်းအားမြင့်မားနေရုံမျှနှင့် မလုံလောက်သည့်အတွက် အထောက်အကူပစ္စည်း(စစ်လက်နက်၊ စစ်သင်္ဘော)များ ခေတ်မီတိုးတက်နေရန် လိုအပ်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၂)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “စစ်ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းသည် အဘက်ဘက်မှတွက်ချက်၍ ရေကြောင်း စစ်ဆင်ရေးမှူးများနှင့် တည်ဆောက်ရေးစွမ်းပကား မြင့်မားသူများပူးပေါင်းပြီး အမှားမခံဆောင်ရွက် တည်ဆောက်ရသည်ဖြစ်သော ကြောင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည် များအား အထူးချီးကျူးပါကြောင်း၊ တပ်မတော်(ရေ)၏ရှိရင်းစွဲ ကောင်းမွန်သည့် အစဉ်အလာကောင်းများ ကိုထိန်းသိမ်း၍ နိုင်ငံတော်က အားကိုးရသည့်တိုက်စွမ်းရည် တိုက်စွမ်းအားရှိသည့်တပ်မတော်(ရေ)ဖြစ်အောင်   ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” ထည့်သွင်းမှာကြားခဲ့သည်ကို အလေးအနက်ပြုရင်း (၇၃)နှစ် မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။