ရိုးသားကြိုးစား တိုင်းပြည်အတွက်အား

မိဘနှင့်ဆရာများက မိမိတို့၏သားသမီး၊ တပည့်များကို ရိုးသားကြိုးစားပြီး တိုင်းပြည်ကအားထားရသော လူတော်လူကောင်းများဖြစ်စေချင်သည်။ စိတ်ရင်းစိတ်ထားကောင်းများဖြင့် အများအကျိုးသယ်ပိုး လိုသူများ ဖြစ်စေချင်သည်။ ကောင်းသောအပြုအမူကိုပြုလျှင် ကောင်းမွန်သည်။ မကောင်းသောအပြုအမူကို ပြုမူလျှင် ဆုတ်ယုတ်ထိခိုက်စေနိုင်ပါသည်။ မကောင်းမှုကိုရှောင်ရန်မှာ မိဘဆရာသမားတို့၏ ဆိုဆုံးမစကားအတိုင်း လိုက်နာပြုမူနေထိုင်ရန်ဖြစ်သည်။ မကောင်းမှုကိုရှောင်ခဲ့လျှင် ပြုသမျှသည် ကောင်းမှုများသာ ဖြစ်နိုင်လေ သည်။ မကောင်းမှုကိုရှောင်ရှားရန်မှာ ခိုင်မာသောစိတ်၊ သန့်စင်သောဆန္ဒဖြင့် ရှင်သန်လှုပ်ရှားရန်ဖြစ်သည်။

မြတ်စွာဘုရား ဟောကြားတော်မူသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်တွင်  အတ္တသမ္မာပဏိဓိစ-မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာစောင့်ထိန်းခြင်း၊ ဝိနယောစသုသိက္ခိတော-ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ကျင့်ဝတ်တရားကို  ကောင်းစွာသင်ယူခြင်း၊ သုဘာသိတာစယာဝါစာ-ကောင်းသော စကားကို ပြောဆိုခြင်း(အပြောအဆိုယဉ်ကျေးခြင်း)၊ အနဝဇ္ဇာနိကမ္မာနိ-အပြစ်ကင်းသောအမှုတို့ကိုပြုခြင်း၊ အာရတီ-မကောင်းမှုမဖြစ်အောင်ဝေးစွာရှောင်ခြင်း၊ ဝိရတီပါပါ-မကောင်းမှုမဖြစ်အောင် ကိုယ်စိတ်နှစ်ပါး ဖြင့်ရှောင်ကြဉ်ခြင်း၊သန္တုဋ္ဌိစ-ရောင့်ရဲလွယ်ခြင်း(လောဘအလိုမလိုက်ခြင်း)၊ တပေါစ-ခြိုးခြံစွာကျင့်ခြင်း စသည် တို့မှာ စာရိတ္တကောင်းမွန်ရေးအတွက် လမ်းညွှန်ချက်များဖြစ်ပေသည်။

လူသားများအနေဖြင့် မိမိတို့၏စားဝတ်နေရေးအတွက် အလုပ်ကိစ္စများကို လုပ်ဆောင်နေရာတွင် စိတ်အလို သို့မလိုက်ဘဲ စောင့်ထိန်းခြင်းသည် စိတ်အေးချမ်းမှုကိုရရှိစေမည်။ ရောင့်ရဲမှုအဆုံး အပိုင်းအခြားမရှိလျှင် လောဘကိုသတ်၍ရမည်မဟုတ်ပေ။ လောဘမသတ်နိုင်သလောက် စာရိတ္တပျက်ပြားမှုနှင့် အကျိုးမဲ့မှု တို့ဖြစ်ပေါ် လာနိုင်ပေသည်။ ဖြစ်လာသမျှအခြေအနေကို ကျေနပ်နှစ်သိမ့်နိုင်ခြင်းသည် ရောင့်ရဲမှုကိုရရှိ စေခြင်းပင်ဖြစ်သည်။ အလိုအလျောက်ခြိုးခြံစွာ ကျင့်ဆောင်နိုင်စေပြီး စာရိတ္တကိုခိုင်မတ်အောင်အထောက် အပံ့ပြုနိုင်စွမ်းရှိလေသည်။

စာရိတ္တကောင်းသူတစ်ဦးသည် အိမ်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ ပြင်ပလောက၌ဖြစ်စေ ချစ်ခင်သူ များပြား ပေမည်။ စာရိတ္တကောင်းခြင်းသည် တစ်နေ့တာအတွက်မဟုတ်၊ တစ်လတာအတွက်မဟုတ်ဘဲ တစ်သက်တာ အတွက်ဖြစ်သည်။ အကျင့်ကောင်းခြင်းသည် စိတ်ကောင်းထားရှိခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စိတ်ဓာတ်ကောင်းသူသည် အတတ်ပညာထူးချွန်သူထက် ပေါင်းသင်းအပ်သော မိတ်ဆွေဖြစ်လေသည်။ လူငယ် တစ်ယောက် စာရိတ္တကောင်းသည်ဟု ပြောဆိုချီးမွမ်းရာ၌ သူသည် စာရိတ္တဟူသော အရည် အချင်းကိုစောင့်စည်းမှု၊ လိုက်နာမှု၊ သိမြင်မှု၊ ပြုပြင်မှု၊ ထိန်းသိမ်းမှုတို့ဖြင့် ပေါင်းဖွဲ့ထူထောင်ထား၍ ချီးမွမ်း ခံရခြင်းဖြစ်သည်။

စာရိတ္တကောင်းခြင်းသည် သာမန်လူများတွင် ထင်ထင်ရှားရှားမသိသာသော်လည်း ဆက်ဆံရေးနယ်ပယ် ကျယ်ဝန်းလှသောနေရာများတွင် အသက်မွေးဝမ်းကျောင်းပြုနေသူများ၌ အထူးအရေးပါလှပေသည်။ နိုင်ငံ တကာအသိုင်းအဝိုင်းနှင့် ဆက်သွယ်နေကြရသော နိုင်ငံရေးသမားများ၊ သတင်းမီဒီယာသမားတို့သည် ရိုးသား ဖြောင့်မတ်သောအကျင့်စာရိတ္တရှိရန်လိုအပ်သည်။

အထူးသဖြင့် အရုပ်ဆိုးအကျည်းတန်ဆုံးသော လုပ်ရပ်များမှာ နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးသော အကြောင်းအရာ သတင်းအချက်အလက်များကို မသိသင့်သူများအား သိစေခြင်းမျိုး အထူးရှောင်ကြဉ်သင့် သည်။ သတင်းရောင်းစားခြင်းမျိုးသည် စာရိတ္တပျက်ယွင်းခြင်းဖြစ်သည်။ ထို့ထက်ပိုမို၍ ငွေကြေးလက်ခံရယူ ကာ နိုင်ငံတော်နှင့် နိုင်ငံသားအပေါ် သစ္စာစောင့်သိရန် ပျက်ကွက်ခြင်းမျိုးသည်လည်း စာရိတ္တချို့ယွင်း ခြင်းဖြစ်ပေသည်။ ကေသရာဇာခြင်္သေ့မင်းတို့သည် ဘယ်တော့မှမြက်ကိုမစားဟူသော စကားကဲ့သို့ စာရိတ္တ ကောင်းမွန်သူသည် မိမိ၏စာရိတ္တကို ငွေကြေးဖြင့် ဘယ်သောအခါမှ အလဲအလှယ်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအားလုံးသည် ရိုးသားကြိုးစားတိုင်းပြည်အတွက် အားဖြစ်ရန် ကြိုးစား သင့်ကြောင်း ရေးသားလိုက်ရပေသည်။  ။