ကျေးသီးမြို့နယ်အတွင်း ငွေကျပ် ၁၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ၊ သြဂုတ် - ၁၅
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် မိုင်းနောင်မြို့အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကာ၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင်လာသည့် တိုယိုတာဟိုင်းလတ် အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-3H/----  အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ ယာဉ်အား ရပ်တန့်၍ ကားလမ်း၏ မြောက်ဘက်လျှိုအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။
     
ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် အိုက်စ် အဖြူရောင်ပုံဆောင်ခဲ ၁ ကီလို ဂရမ်ခန့်စီပါအထုပ် ၃၁၄ ထုပ်(၃၁၄ ကီလိုဂရမ်)၊ ဘိန်းဖြူ အဖြူရောင်ဘလောက်တုံး ၀ ဒသမ ၃၃၄ ကီလို ဂရမ်ပါအထုပ် ၄၄၀ ထုပ်(၁၄၆ ဒသမ ၉၆ ကီလိုဂရမ်) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၁၅၂၄၀ )ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား မိုင်းနောင် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။