နိုင်ငံနှင့်လူမျိုးဂုဏ် မညှိုးအောင်ကြိုးစားရွက်ဆောင်

မြန်မာ့သမိုင်းတွင် တပ်မတော်သည် အရေးပါအရာရောက်သော အခန်းကဏ္ဍကပါဝင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းမဖြစ်မီ သခင်ဘဝတွင် လွတ်လပ်ရေးအတွက် တပ်မတော်တစ်ရပ်လိုအပ်သည်ဟူသော ယုံကြည် ချက်ဖြင့် တပ်မတော်တစ်ရပ် ဖွဲ့စည်းတည်ထောင်နိုင်အောင် ကြိုးပမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသော အခါ နယ်ချဲ့အင်္ဂလိပ်တို့ အခက်ကြုံလာသည်။ ဒုတိယကမ္ဘာစစ်နှင့် ရင်ဆိုင်နေရသည့်အတွက် မြန်မာတို့ အနေဖြင့် အင်္ဂလိပ်အခက် ဗမာ့အချက်ဟူသော အကွက်ကောင်းကိုတွေ့မြင်လာသည်။

ထိုအကွက်ကောင်းကိုအသုံးချရင်း မျိုးချစ်လူငယ် ၃၀ ဦးတို့သည် ပြည်ပသို့အသုတ်လိုက်ခွဲကာ ထွက်ခွာ ခဲ့ကြသည်။ ထိုအချိန်က တရုတ်နိုင်ငံပိုင် ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့မှာ ဂျပန်တို့လက်အောက်သို့ ကျရောက်နေသည်။ ရဲဘော်သုံးကျိပ်တို့သည် ဟိုင်နန်ကျွန်းတွင် စစ်အတတ်ပညာများကို လွယ်လွယ်ကူကူ သင်ယူခဲ့ကြရသည်မဟုတ်ပေ။ ဂျပန်တို့၏ ပါးရိုက်နားရိုက်ဒဏ်၊ သဘာဝဘေးဒဏ်စသည်တို့ကို အံကြိတ် ခံရင်း စစ်ပညာသင်ခဲ့ရခြင်းဖြစ်သည်။ အစားဆင်းရဲ၊ အနေဆင်းရဲဖြင့် တိုင်းပြည်လွတ်လပ်ရေးရဖို့အရေး မြော် တွေးရင်း စစ်ပညာများ တတ်မြောက်ခဲ့ကြသည်။

“ဟိုင်နန်ကျွန်း၏ တနင်္ဂနွေနေ့ကို ကျွန်တော့်အနေဖြင့် အင်မတန်ကြောက်ရွံ့ နေမိပါတော့သည်။ ညအိပ် သည့်အခါတွင်လည်း လှံစွပ်ထိုးရခြင်း၊ မြေပေါက်ရခြင်း၊ မနားမနေဒုန်းပြေးရခြင်း စသည့်အိပ်မက်ဆိုးတွေကို အိပ်မက်ထဲတွင် ပြန်မက်ကာ ဇောချွေးပြန်မိသည်အထိ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် မိုက်မိုက်ကန်း ကန်း တစ်သက်တွင်တစ်ခါမှ မလုပ်ကိုင်ခဲ့ဖူးသော အလုပ်မျိုးစုံတို့ကို လုပ်ကိုင်ခဲ့ရလေသည်။ ကျွန်တော့်အဖို့ တစ်ခုတည်းသော ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည့်တစ်ချက်မှာ ကျွန်တော်တို့ရဲဘော်သုံးကျိပ်ဝင်များသည် မည်မျှ ပင်ပန်း၍ အခက်အခဲတွေ့စေကာမူ၊ မည်မျှငတ်မွတ်ခေါင်းပါးစေကာမူ၊ အသက်ဘေးအန္တရာယ်တို့နှင့် အကြိမ်များစွာ ရင်ဆိုင်ခဲ့စေကာမူ ရဲဘော်အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း ရဲဘော်ရဲဘက်ပီသစွာရှိနေ ကြခြင်းပင်ဖြစ်သည်” ဟူ၍ ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)၏ တော်လှန်ရေးအတွေ့အကြုံများ စာအုပ်တွင် ဖော်ပြထားသည်။

ထိုရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် လက်မောင်းသွေးဖောက်သစ္စာရေသောက်ကာ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ဖွဲ့စည်းနိုင်ခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က ရာဂဏန်း မျှသာရှိ သော်လည်း နောက်ပိုင်းတွင် သောင်းဂဏန်းအထိ တပ်မတော်သားအရေအတွက် များပြားလာခဲ့သည်။ ဗမာ့ လွတ်လပ်ရေးတပ်မတော်သည် မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းများဖြန့်ခွဲကာ ချီတက်ခဲ့ပြီး ဂျပန်တို့နှင့် အတူ အင်္ဂလိပ်တို့ကို တိုက်ထုတ်နိုင်ခဲ့သည်။ ဂျပန်တို့သည် မြန်မာနိုင်ငံအတွင်းရှိနေစဉ် မြန်မာတို့ကို လွတ်လပ်ရေး အတုအယောင်သာပေးပြီး ဖက်ဆစ်စနစ်ဖြင့် အုပ်စိုးခဲ့သည်။ ရိုင်းစိုင်းကြမ်းတမ်းလွန်းလှသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောတပ်မတော်သည် အနီးကပ်ရန်သူကို ချေမှုန်းရန် အကြောင်း ပြချက်ဖြင့် တပ်ဖျောက်ကာ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲခဲ့ကြရသည်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု ကြောင့် ဖက်ဆစ်တော်လှန်ရေး အောင်မြင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးစတင်ပြုလုပ်သော ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် နောင်တွင်သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ခဲ့သည့် အဓိက အကြောင်းရင်းမှာ မြန်မာ့တပ်မတော်သည် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့သည့်နေ့မှစပြီး ကိုယ်ပိုင် တပ်မတော် တစ်ရပ်အဖြစ် ကြွားကြွားဝင့်ဝင့်ရပ်တည်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဖက်ဆစ်တို့ ဆုတ်ခွာထွက် ပြေးအပြီးတွင် အင်္ဂလိပ်တို့ ထပ်မံရောက်ရှိလာပြန်သည်။

ထိုအချိန်က တပ်မတော်အနေဖြင့် စစ်သားအင်အားတောင့်တင်းရန် အထူးလိုအပ်လျက်ရှိသည်။ လွတ်လပ်ရေး ရပြီးချိန်တွင် နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန်လိုအပ်မည့်အပြင် တပ်မတော်ကိုလည်း တိုးချဲ့တည် ဆောက်ရန် လိုအပ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံသားတိုင်း၏ တာဝန်တစ်ခုကို မီးမောင်း ထိုးပြခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက “ဗမာတိုင်း ဗမာတိုင်း၊ အရွယ်ရောက်တဲ့သူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ ဥပဒေနဲ့စစ်ထဲကို ထည့်ရလိမ့်မယ်။ နှစ်နှစ်တန် သည်၊ သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်၊ စစ်ထဲဝင်ပြီးနောက် စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက်ရမယ်၊ ခင်ဗျားတို့ တိုက်ချင် တိုက်ချင် မတိုက်ချင် မတိုက်ချင် ဝင်တိုက်ရမှာပဲ၊ အဲဒါက တာဝန်ပဲ။ ဒါဟာလွတ်လပ်ရေးရတဲ့အခါ ဖြစ်ရမယ့်တာဝန်မျိုးပဲ” ဟူ၍ မိန့်ကြားခဲ့သည်။ ယနေ့တပ်မတော်သည် ရဲဘော်သုံးကျိပ်မှ အစပြုတည်ထောင် ခဲ့သော တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံနှင့်လူမျိုးဂုဏ် မညှိုးအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။