မြိတ်မြို့နယ်တွင် ဉာဏ်တော်အမြင့် ပေ ၉၀ ရှိ ထိုင်တော်မူ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယမြတ်စွာဘုရား ရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်မည်

မြိတ် ဒီဇင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာ မြိတ်-ရန်ကုန်သွားမိန်း လမ်းမကြီးနံဘေးရှိ အောင်မြင့်မိုရ်ဓမ္မရိပ်သာ တောင်ကုန်းပေါ်တွင်  ဉာဏ်တော်အမြင့်ပေ ၉၀ ရှိ ထိုင်တော်မူ  ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယမြတ်စွာဘုရား ရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း  အောင်မြင့်မိုရ်ဓမ္မရိပ်သာ ဆရာတော် ဒေါက်တာအရှင်ခေမကထံမှသိရသည်။

ယင်းဉာဏ်တော်အမြင့် ပေ ၉၀  ရှိ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ထိုင်တော်မူ သံဝေဇနိယဘုရားရုပ်ပွားတော်ကို တည်ထားကိုးကွယ်ရာတွင် မြေ ၁ ဧကပတ်လည်ခန့် အကျယ်အဝန်းတွင် ၉ ပေစီအမြင့်ရှိသည့် စေတီတော် ငယ် ၃၆ ဆူ ခြံရံလျက် တည်ထားကိုးကွယ်မည်ဖြစ်ပြီး ၉ ပေစီအမြင့်ရှိသည့် စေတီတော်ငယ် ၃၆ ဆူတွင် ရွှေစည်းခုံစေတီ ကိုးဆူ၊ လောကနန္ဒာစေတီ ကိုးဆူ၊ တုရင်းတောင်စေတီ ကိုးဆူနှင့် တန့်ကြည့်တောင်စေတီ ကိုးဆူကို ခြံရံ၍ တည်ထားကိုးကွယ်မည်ဖြစ်သည်။

အဆိုပါ ဉာဏ်တော်အမြင့် ပေ ၉၀ ရှိ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယမြတ်စွာဘုရား ထိုင်တော်မူရုပ်ပွား တော်မြတ်တည်ထားကိုးကွယ်ရာတွင် ကျောင်းဒါယကာ သုဓမ္မမဏိဇောတဓရ ဦးမောင်ယု ဇနီး ဒေါ်နီနီဝင်း (အောင်မြင့်မိုရ်ရေခဲစက်)  မိသားစုတို့က မတည်လှူဒါန်းပြီး ခုနစ်ရက်သားသမီးကောင်းမှုတို့ဖြင့် တည်ထား ပူဇော်ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းပိုင်းမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

(၄၁၂)