တိုက်ခိုက်မှုများကို ကာကွယ်ရန် နျူကလီးယားစက်ရုံများ အနီး၌ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဖြန့်ကြက်နေသည့် အီရန်

အီရန်နိုင်ငံသည် အမေရိကန်စစ်ဘက်မှ  လုပ်ဆောင်လာနိုင်သည့်  ဒုံးကျည်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ အနီး၌ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို တိုးမြှင့်ဖြန့်ကြက်လျက် ရှိကြောင်း ကူဝိတ်နိုင်ငံထုတ်  သတင်းစာကြီးတစ်စောင်က ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဖော်ပြခဲ့သည်။

အီရန်၏ အဆိုပါ ဆောင်ရွက်ချက်များသည် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဒေါ်နယ်ထရမ့် ရာထူးမှမထွက်ခွာမီ နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးအပေါ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှ လုပ်ဆောင်ခဲ့ခြင်း

ဖြစ်သည်ဟု  ထရမ့်က  အစောပိုင်းတွင်   ၎င်း၏တွစ်တာ၌  ရေးသားဖော်ပြခဲ့ပြီး အကယ်၍ အဆိုပါ တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပါက အီရန်က တာဝန်ယူရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် သတိပေးပြောကြားပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှု ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ သို့သော် အမေရိကန်၏ အဆိုပါ စွပ်စွဲပြောဆိုချက်များကို အီရန်က ငြင်းဆိုထားသည်။

အမေရိကန်နှင့် အီရန်တို့ကြား ထိုသို့ဆက်ဆံရေး တင်းမာနေစဉ် အီရန်အစိုးရသည် နိုင်ငံ၏အရေးပါသည့် နျူကလီးယား အစီအစဉ်ကို  ကာကွယ်နိုင်ရေးအတွက် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ လေကြောင်းနှင့် အာကာသတပ်ဖွဲ့မှ လေကြောင်းရန်ကာကွယ်ရေး စနစ်များနှင့် ရေဒါများကို တိုးမြှင့်ဖြန့်ကြက်ခဲ့ခြင်း ဖြစ်သည်။

အီရန်အစိုးရသည်   အထူးသဖြင့် နာတန်ယူရေနီယံ သန့်စင်ရေးစက်ရုံတည်ရှိရာ အစ်ဖာဟန်ပြည်နယ်၌ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် ဂရင်းဇုန်အတွင်းရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုသည်   ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ယင်းတိုက်ခိုက်မှုအတွင်း သံရုံးကို ဒုံးကျည်အတော်များများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း သံရုံးအတွင်း ဖြန့်ကြက်ထားသော ဒုံးကျည်ကြားဖြတ်တားဆီးရေး စနစ်များက ပစ်ခတ်လိုက်သည့် ဒုံးကျည်များအနက် သုံးစင်းကို ပစ်ချနိုင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့်   သံရုံးအဆောက်အအုံ အနည်းငယ်သာ ပျက်စီးသွားပြီး အမေရိကန်နိုင်ငံသားများ ထိခိုက်ဒဏ်ရာ မရရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အဆိုပါ ဂရင်းဇုန်သည် အီရတ်အစိုးရအဖွဲ့၏ ရုံးများနှင့် သံတမန်အဆောက်အအုံများ တည်ရှိရာ အရေးပါသည့် ဒေသတစ်ခုဖြစ်သည်။

အမေရိကန်အစိုးရသည် ယီမင်နိုင်ငံ၌ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်း ပစ်ချခံရချိန်တွင်လည်း   အလားတူစွပ်စွဲမှုမျိုး ပြုလုပ်ခဲ့သည်။

သို့သော် ယခင်တိုက်ခိုက်မှုတွင် အီရန်ကို တိုက်ရိုက်စွပ်စွဲခဲ့ခြင်း မရှိဘဲ အဆိုပါ အမေရိကန်မောင်းသူမဲ့လေယာဉ်ကို အီရန်က    လက်နက်တပ်ဆင်ပေးထားသည့် ယီမင်ရှိ ဟူသီသူပုန်အဖွဲ့က ပစ်ချခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် အီရန်နိုင်ငံသည် ယခင်က အီရတ်နိုင်ငံအတွင်းရှိ   အမေရိကန်စစ်အခြေစိုက် စခန်းတစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

ယင်းတိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သည်အများအပြား ထိခိုက်သေဆုံးခဲ့ခြင်းကြောင့် အမေရိကန်၌  ထရမ့်သာ သမ္မတအဖြစ်   ဆက်လက်တာဝန်ထမ်းဆောင်မည် ဆိုပါက ၎င်း၏စွပ်စွဲမှုများသည် အရှေ့အလယ်ပိုင်းဒေသ၌   အီရန်နှင့်

အမေရိကန်တို့ကြား   စစ်ရေးတင်းမာမှုများ   ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။               

Ref: Sputnik