စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာမြူဒါတြိဂံအကြောင်း(၂)

လက်တွေ့မဆန်သော ဖြေရှင်းချက်များ

တချို့ကကျတော့ ဘာမြူဒါတြိဂံအကြောင်းကို လက်တွေ့ဆန်ဆန်ဖြေရှင်းကြပါတယ်။ အများအားဖြင့် ပထဝီဝင်အနေအထားနဲ့ သုံးသပ်ဖြေရှင်းကြတာပါ။

သိပ္ပံပညာရှင်တွေ ယူဆတာက ဘာမြူဒါတြိဂံကို ရောက်သွားတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အဲဒီတြိဂံကနေထွက်လာတဲ့ မီးလောင်လွယ်တဲ့ မီသိန်းဓာတ်ငွေ့ကြောင့် ပျက်စီးသွားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုကြောင့်လဲဆိုရင် လျှပ်စစ်မီးပွား ဒါမှမဟုတ် လျှပ်စီးလက်တာမျိုးက မီသိန်းဓာတ်ငွေ့ပူဖောင်းကို မီးရှို့လိုက်သလိုဖြစ်ပြီး အဲဒီကနေမှတစ်ဆင့် သင်္ဘောတွေ၊ လေယာဉ်တွေပျက်စီးသွားရတာမျိုး ဖြစ်တယ်လို့ သူတို့က ယူဆထားတာပါ။

ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ကြမ်းပြင်အနီးမှာ မီသိန်းဓာတ်ငွေ့ထွက်တဲ့ တွင်းတွေအများကြီးရှိပါတယ်။ ဒါကိုလည်း လူတိုင်းသိပါတယ်။

ဒီလိုသာမီသိန်းဓာတ်ငွေ့ကြောင့် သင်္ဘောတွေ၊ လေယာဉ်တွေပျက်စီးသွားရတယ်ဆိုရင် ဘာမြူဒါတြိဂံမဟုတ်တဲ့ တခြားနေရာတွေမှာ ဘာကြောင့် အဲဒီလိုမဖြစ်ရတာလဲ။ ဒါကြောင့် ဒီအယူအဆဟာလည်း အလုံးစုံမှန်ကန်တယ်လို့ မယူဆနိုင်ပါဘူး။

 

မှန်မလိုလိုနဲ့မှားနေတဲ့ဖြေရှင်းချက်

တချို့သိပ္ပံပညာရှင်တွေကတော့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဒီရေလှိုင်းလုံးတွေကြောင့် သင်္ဘောတွေ၊ လေယာဉ်တွေ မြုပ်သွားရတယ်လို့ ဆိုပါတယ်။

ဒီဖြေရှင်းချက်ဟာ သာမန်အားဖြင့်ကြည့်ရင် လက်ခံနိုင်တယ်ဆိုပေမယ့် မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဥပမာတစ်ခုပြောရရင် ပေ ၃၀၀၀၀ ကျော်အမြင့်မှာ ပျံနေတဲ့ ခရီးသည်တင်လေယာဉ်က အောက်မှာဖြစ်တဲ့ ဒီရေလှိုင်းလုံးကြောင့် ပျက်ကျသွားတာလား။

တချို့ကျတော့လည်း ဘာမြူဒါတြိဂံနေရာမှာ သံလိုက်လှိုင်းရှိနေတာကြောင့် သင်္ဘောတွေလမ်းကြောင်း ပြောင်းသွားရတဲ့အပြင် ထွက်ပေါ်လာတဲ့ သံလိုက်လှိုင်းတွေကြောင့် လေယာဉ်မှူးတွေက ရှုပ်ထွေးမှုတွေ ဖြစ်သွားရတယ်လို့ ဆိုပြန်ပါတယ်။

လေယာဉ်မှူးတွေအနေနဲ့ လမ်းညွှန်စနစ်မရှိတော့သည့်တိုင် လေယာဉ်ကိုဘေးကင်းအောင် မောင်းနှင်နိုင်ဖို့ လေ့ကျင့်ထားတယ် ဆိုတဲ့ အချက်ကို ထည့်မတွက်ရင်တော့ ဒါဟာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နောက်ပြီးတော့ သံလိုက်လှိုင်းတွေကြောင့် သင်္ဘောတွေဟာ ဘယ်လိုနည်းနဲ့ ပျောက်ဆုံးသွားရတယ် ဆိုတာကိုလည်း တိတိကျကျ ဖြေရှင်းပြထားတာမျိုး မရှိပါဘူး။

 ဆွဲဆောင်မှုရှိတဲ့ လျှိုဝှက်ဆန်းကြယ်ပုံပြင်တစ်ပုဒ်မျှသာ

ဘာမြူဒါတြိဂံနဲ့ ပတ်သက်လို့ လူတချို့ကလည်း ဖြေရှင်းစရာမလိုတဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

လယ်ရီခါ့(ရှ်)လို့ခေါ်တဲ့ အမေရိကန်စာရေးဆရာ သုတေသီတစ်ဦးဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစဖော်ထုတ် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ဘာမြူဒါတြိဂံဆိုတဲ့အကြောင်းဟာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်မှ မဟုတ်ဘဲ လူစိတ်ဝင်စားစေဖို့ ရေးသားထားတဲ့ ပုံပြင်ဇာတ်ကြောင်းတစ်ခုမျှသာ ဖြစ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

လူတချို့က သူတို့ရဲ့ စာပေတွေကို ဖတ်ရှုသူတွေစိတ်ဝင်စားစေဖို့ တကယ်မရှိတဲ့ ဘာမြူဒါတြိဂံကို အရှိလုပ်ပြီး ပုံဖော်ရေးသားကြပါတယ်။

နောက်ဆုံးအရင်း စစ်လိုက်တဲ့ အခါမှာတော့ ဆွဲဆောင်မှုရှိတဲ့ လျှို့ဝှက်ဆန်းကြယ်ပုံပြင်တစ်ခုကို ဖန်တီးဖို့အတွက် စာရေးဆရာတွေရဲ့ စိတ်ကူးယဉ်ထွင်လုံးမျှသာ ဖြစ်တယ်လို့ သူကအခိုင်အမာ ပြောထားပါတယ်။

လက်ရှိအချိန်အထိတော့ ဘာမြူဒါတြိဂံနဲ့ ပတ်သက်လို့ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ ကျွန်တော်တို့အနေနဲ့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

သေချာတာတစ်ခုကတော့ ဘာမြူဒါတြိဂံနဲ့ ပတ်သက်တဲ့ တခြားဖြေရှင်းချက်တွေကိုလည်း နောင်တစ်ချိန်မှာ ကြားလာနိုင်မှာဖြစ်သလို   စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကြောင်းတွေလည်း   ထွက်ပေါ်လာနိုင်ပါသေးတယ်။