ဗီယက်နမ်၏ စီးပွားရေး တိုးတက်မှုနှုန်း နှစ်ပေါင်း ၃ဝ အတွင်း အနိမ့်ဆုံးဖြစ်

ဟနွိုင်း၊ စီးပွားရေး

ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝဘေး နှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုတို့ကြောင့် ဗီယက်နမ် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် နှစ်ပေါင်း ၃ဝအတွင်း အနိမ့်ဆုံး ကျဆင်းသွားကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သော  အစိုးရ၏ ာရင်းဇယားများ အရသိရသည်။

နိုင်ငံ၏ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် နှစ်နှစ်ဆက်တိုက် ၇ ရာခိုင်နှုန်း အထက်မြင့်တက် ပြီးနောက် ယခုနှစ်တွင် စီးပွားရေးသည် ၂ ဒသမ ၉၂ ရာခိုင်နှုန်းသာတိုးတက်ကြောင်း အထွေထွေစာရင်းအင်းရုံးက ပြောသည်။

ထို့ပြင် ယခုနှစ်၏ ကုန်သွယ်ရေးပိုငွေသည် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆ ဘီလီယံရှိကြောင်းနှင့် ပျမ်းမျှ စားသုံးသူ ဈေးနှုန်းများသည် ၃ ဒသမ ၂၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း စာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။

ဗီယက်နမ်၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးတိုးတက်မှုသည် ဆယ်စုနှစ်များအတွင်း အနည်းဆုံး ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကြားမှ ယခုကဲ့သို့တိုးတက်မှုက နိုင်ငံအတွက် အောင်မြင် မှုဖြစ်ကြောင်း အဆိုပါရုံး၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် တင်းကျပ်သော သီးသန့်ခွဲကာ နေထိုင်စေမှုများနှင့် ခြေရာခံ ဆောင်ရွက်ချက်များကြောင့် ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ ထိန်းချုပ်နိုင်ပြီး စီးပွားရေးလှုပ်ရှားမှုကို အာရှဒေသရှိ အခြားနိုင်ငံများ ထက်စောစွာ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခဲ့သည်။

ထို့ပြင် ထိုနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၄၄ဝ နှင့် သေဆုံးသူ ၃၅ ဦးသာရှိကြောင်း သိရသည်။