အင်ဒိုနီးရှားက မိနစ်ပိုင်းအတွင်း အဖြေထွက်သည့် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိအဖြေထွက်သည့် ကိရိယာကို အသုံးပြုမည်

ဂျကာတာ၊ ပြည်တွင်းရေး

အင်ဒိုနီးရှားနိုင်ငံရှိသုတေသနပညာရှင်များသည် အသက်ရှူရာမှ ထွက်လာသည့်နမူနာများကို ခွဲခြမ်းစိတ်ဖြာပြီး မိနစ်ပိုင်း အတွင်း ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အဖြေသိရမည့် အလွန်လျင်မြန်သော ရောဂါရှာဖွေ စမ်းသပ်ရေး ကိရိယာကို မကြာမီ အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါစမ်းသပ်ရေးကိရိယာသည် အရက်သောက်ထားခြင်းရှိ၊ မရှိကို အာငွေ့မှုတ်ထုတ်ရုံဖြင့် တိုင်းတာသည့် ကိရိယာကဲ့သို့ အသုံးပြုရခြင်းဖြစ်ကြောင်း ထိုကိရိယာကို တီထွင်သည့် ယိုဂျာကာတာမြို့ အခြေစိုက် ဂတ်ဂျာမာဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ ကိရိယာကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက် လေဆိပ်၊ မီးရထား ဘူတာရုံနှင့် ဆေးရုံ များကဲ့သို့ လူအများစုဝေးနိုင်သည့်နေရာများ၌ စစ်ဆေးရန် ထိုစမ်းသပ် ကိရိယာအလုံး ၁ဝဝ ကို ကနဦးဖြန့် ဝေသွား မည်ဖြစ်ကြောင်း သုသေတနအဖွဲ့ ခေါင်းဆောင်ပါမောက္ခ ကူဝိတ်တရီယာနာက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

တမူထူးခြားသော အဆိုပါကိရိယာသည် တစ်ကြိမ်စစ်ဆေးပါက သုံးမိနစ်သာကြာမည်ဖြစ်ပြီး အသက်ရှူရာမှ ထွက်လာသည့် နမူနာများကိုရယူသည့်ကြာချိန် တစ်မိနစ်နှင့်အဖြေထုတ်ရန် နှစ်မိနစ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကိရိယာဖြင့် တစ်ခါစစ်ဆေးခ သည် ရူပီးယား ၁၅ဝဝဝမှ ၂၅ဝဝဝကြား ကျသင့်မည်ဖြစ်ကြောင်း သုတေ သန ပညာရှင်များကပြောသည်။

ပထမအသုတ် ထုတ်လုပ်မည့်အလုံး ၁ဝဝ တွင် တစ်လုံးစီသည် တစ်ရက်လျှင် စမ်းသပ်မှုအကြိမ် ၁၂ဝ ပြုလုပ်နိုင် သောကြောင့် တစ်ရက်လျှင် လူပေါင်း ၁၂ဝဝဝ ကို စမ်းသပ်နိုင်မည်ဟု ယူဆရကြောင်းသိရသည်။

အဆိုပါသုတေသန အဖွဲ့သည်  ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် ထိုကိရိယာအလုံးပေါင်း ၁ဝဝဝဝ ထုတ်လုပ်သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ ထုတ်လုပ်ပြီးပါက တစ်ရက်လျှင် လူပေါင်း ၁ ဒသမ ၂ သန်းကိုစစ်ဆေး ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။