ဗြိတိန်၌ ဖေဖော်ဝါရီလကုန်တွင် အသွားအလာ တားမြစ်ကန့်သတ်ချက်များ အပြီးရုပ်သိမ်းနိုင်

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် နိုင်ခြေအများဆုံးဖြစ်သော လူ ၁၅ သန်း အနေဖြင့် ကာကွယ်ဆေးထိုးမှု ခံယူပြီးချိန်ဖြစ်သည့် ဖေဖော်ဝါရီလအကုန်တွင် လက်ရှိချမှတ်ထားသော အသွားအလာတားမြစ် ကန့်သတ်ချက်များ အပြီးရုပ်သိမ်းနိုင်ကြောင်း  အစိုးရသတင်းအရင်းအမြစ်များက ဒီဇင် ဘာ ၂၇ ရက်တွင် ပြောသည်။

နိုင်ငံအတွင်း၌ သတ်မှတ်ထားသည့် အဆင့်ဖြစ်သော အဆိုပါ ကာကွယ်ဆေးများ အားလုံးထိုးနှံပြီးပါက နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ကိုဗစ်-၁၉ လူနာများကြောင့် အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်နိုင်တော့မည် မဟုတ်ကြောင်း  သိရသည်။

ဗြိတိန်နိုင်ငံ၌ ဖိုင်ဇာနှင့် ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒီဇင်ဘာ ၈ ရက်မှ စတင်ထိုးနှံမှု ပြုလုပ်ရာ ဒီဇင်ဘာ ၂၀ ရက်အထိ လူပေါင်း ခြောက်သိန်းကျော်မှာ ကာကွယ်ဆေးထိုးမှု ခံယူပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနက ဖော်ပြထားသည်။

ဥရောပဒေသ၌ ရောဂါကူးစက်မှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမဆုံးထိုးနိုင်သည့်နိုင်ငံ ဖြစ်လာသည်။

သို့သော် တစ်ချိန်တည်းမှာပင် ဗြိတိန်နိုင်ငံ၌ ကူးစက်မြန်ဗီဇပြောင်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ပျံ့နှံ့မှုကို တွေ့ရှိပြီးနောက် နိုင်ငံ  အတွင်းရှိ ဒေသများစွာကို တင်းကျပ်သော အသွားအလာ တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်လိုက်ရသည်။

ဇန်နဝါရီ ၄ ရက်တွင်  အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာကုမ္ပဏီ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုနှုန်းမှာ မြင့်တက်နေဆဲဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက် တစ်ရက်တည်းမှာပင်  ရောဂါဖြစ်ပွားသူ ၃၄၆၉၃ ဦးနှင့် သေဆုံးသူ ၂၁၀ ရှိကြောင်း သိရသည်။                 

Ref: TST