ဥရောပဒေသ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှုစတင်

ဥရောပဒေသတစ်ဝန်း၌  ကမ္ဘာ့ကပ်ရောဂါကို အဆုံးသတ်စေရေး ကြိုးပမ်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှု အစီအစဉ်စတင်ကြောင်း  သိရသည်။

လူဦးရေသန်း ၄၅၀ ရှိသော ဥရောပဒေသ အနေဖြင့် ကာကွယ်ဆေး ၂ ဘီလီယံကျော်ရရှိရေး သဘောတူစာချုပ်များ ချုပ်ဆိုထားပြီး ၂၀၂၁ ခုနှစ်တွင် အရွယ်ရောက်သူများကို   ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ်ထားသည်။ ဥရောပဒေသသည် ကမ္ဘာပေါ်၌  အကောင်းဆုံးကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ရှိသော်လည်း လူအစုလိုက်အပြုံလိုက်ကို ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက်   အချို့နိုင်ငံများက အငြိမ်းစား ကျန်းမာရေး ဝန်ထမ်းများကိုပင် အကူအညီတောင်းရပြီး ၎င်းတို့အပေါ် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း အချို့ကို ဖြေလျှော့ပေးလိုက်ရသည်။

ထို့ပြင်  ပြင်သစ်နိုင်ငံမှစ၍  ပိုလန်နိုင်ငံအထိ ပါဝင်သော  ဥရောပဒေသရှိပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးရေးကို တုံ့ဆိုင်းနေစဉ် ယခုကဲ့သို့ ကာကွယ်ဆေးထိုးခွင့်ရခြင်းသည် လာမည့်နှစ်တွင် ပုံမှန်လူနေထိုင်မှုပုံစံအတိုင်း ပြန်လည် နေထိုင်နိုင်ရေးအတွက်  အကောင်းဆုံးအခွင့်အရေး ဖြစ်ကြောင်း ဥရောပအဖွဲ့ဝင် နိုင်ငံများမှ   ခေါင်းဆောင်များက အကြံပြုထားသည်။

၎င်းင်းတို့အနေဖြင့်    ခက်ခဲသော နှစ်တစ်နှစ်၏ စာမျက်နှာကို ပြောင်းလဲရန်  စတင်နေကြောင်းနှင့် ကာကွယ် ဆေးထိုးမှု သည်  ကိုဗစ်-၁၉  ရောဂါကို အဆုံးသတ်ရန် ခိုင်မာသော နည်းလမ်းဖြစ်ကြောင်း ကာကွယ်ဆေးထိုး အစီအစဉ်ကို ဆောင်ရွက်နေသော ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆယ်လာဗွန်ဒါလီယန်က ပြောသည်။

ဥရောပနိုင်ငံများမှ ခေါင်းဆောင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို အတူတကွတိုက်ဖျက်ခြင်း မရှိသည့်အတွက် အပြစ်တင် ဝေဖန်ခံရပြီးနောက် ယခုအခါတွင် ဒေသတစ်ခုလုံးသို့ ကာကွယ်ဆေးညီမျှစွာ ရောက်ရှိစေရေးအတွက် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း သိရသည်။                             

Ref: TST