ကိုယ်ပျောက်အစွမ်းနဲ့ တိုက်ပွဲဝင်နိုင်စေမယ့် အရေပြားအတု

အရင်တုန်းကတော့ အထူးတပ်ဖွဲ့တွေဟာ  ပတ်ဝန်းကျင်နဲ့တစ်သားတည်း ဖြစ်စေနိုင်တဲ့ ပြင်ဆင်ခြယ်သဝတ်ဆင်မှုတွေ ကြောင့်  ရန်သူ့ရဲ့မျက်မြင်အောက်ကနေ ပျောက်နေနိုင်ပါတယ်။

နောက်ပိုင်းမှာတော့ အပူငွေ့အာရုံခံကိရိယာတွေ   အသုံးပြုလာတာနဲ့အမျှ ဒီနည်းလမ်းဟာ  အသုံးမဝင်တော့ပါဘူး။

ဘာကြောင့်လဲဆိုရင်    ဘယ်လောက်ပဲ ကိုယ်ယောင်ဖျောက်တယ်ပြောပြော အပူငွေ့အာရုံခံကိရိယာနဲ့ ကြည့်လိုက်ရင် ထင်းထင်းကြီး ပေါ်နေပါတယ်။

ဒါကြောင့် နည်းပညာကို အမီလိုက်လာတဲ့အထဲမှာ စစ်ဘက်အခန်းကဏ္ဍလည်း ပါဝင်နေတဲ့နည်းတူ သုတေသနပညာရှင်

တွေဟာ စစ်သည်တွေအတွက် ကိုယ်ပျောက်စေနိုင်မယ့် အရေပြားကို တီထွင်ပေးလိုက်ပါတယ်။

အပေါ်ယံကနေ   တစ်ထပ်တင်ရတဲ့ ဒီအရေပြားဟာ ၅ စက္ကန့်အတွင်းမှာ ပုံစံနောက်တစ်မျိုးကို ပြောင်းနိုင်စေပါတယ်။ သူ့မှာပါတဲ့ ပုံစံနှစ်မျိုးကတော့  နေ့ဘက်အချိန်မှာ   ကိုယ်ယောင်ဖျောက်တဲ့ပုံစံနဲ့ ညဘက်အချိန်မှာ အပူငွေ့ရှာ ကင်မရာတွေရဲ့ ရှာဖွေမှုအောက်ကနေ    ကိုယ်ယောင်ဖျောက်ထားပေးနိုင်တဲ့ ပုံစံတို့ ဖြစ်ပါတယ်။

ဒီအရေပြားကိုတီထွင်သူတွေကတော့ တောင်ကိုရီးယားနိုင်ငံမှဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ်မှာဆိုရင်  စစ်သည်တွေဟာ အလွယ်တကူ  ကိုယ်ယောင်ဖျောက်ပြီး လှုပ်ရှားသွားလာ စစ်ဆင်နိုင်တော့မယ်လို့ သုတေသီတွေက ပြောပါတယ်။

အရေပြားကပ်ခွာလေးတွေကိုတော့ Pixel လေးတွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီ Pixel လေးတွေထဲမှာ ပတ်ဝန်းကျင် အပူချိန်ကိုလိုက်ပြီး အရောင်ပြောင်းနိုင်တဲ့ သာမိုခရိုးမစ်လို့ခေါ်တဲ့   အရည်ပုံဆောင်ခဲလေးတွေ ပါဝင်ပါတယ်။

ဒီအရေပြားလေးတွေကို   ဖန်တီးသူ ဆိုးအမျိုးသားတက္ကသိုလ်မှ  ဆောင်ဝှန်ကို ဦးစီးတဲ့အဖွဲ့ဟာ   အရေပြားကပ်ခွာကို လူတစ်ယောက်ရဲ့လက်မှာကပ်ပြီး အကြိမ်ကြိမ် စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီလိုစမ်းသပ်ရာမှာ လက်ကအရောင်အမျိုးမျိုးနဲ့ အပူချိန်အမျိုးမျိုးရှိတဲ့ နေရာတွေကို  ဖြတ်သန်းသွားပါတယ်။   ဒီလိုဖြတ်သန်းသွားစဉ်မှာ လက်မှာကပ်ထားတဲ့ အရေပြားကပ်ခွာလေးက သူ့အနီးအနား ကအရာတွေအတိုင်း   လိုက်ပြီးအရောင်ပြောင်းလဲသွားတာကို တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီလိုမျိုး   ပတ်ဝန်းကျင်အခြေအနေနဲ့ တစ်သားတည်းဖြစ်သွားအောင် အဲဒီအရေပြားထဲမှာ  အလွန်သေးငယ်တဲ့ ကင်မရာတွေ   ထည့်သွင်းအသုံးပြုထားလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ တိုက်ပွဲဝင်ပတ်ဝန်းကျင် အနေအထားနဲ့တော့ သဟဇာတဖြစ်ဦးမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် ကန္တာရလိုမျိုး ပူလွန်းတဲ့နေရာ၊ အာတိတ်ဒေသလိုမျိုး အေးလွန်းတဲ့ နေရာတွေမှာတော့ ပတ်ဝန်းကျင်အခြေအနေက အရေပြားအတုရဲ့   စွမ်းဆောင်ရည်ကို ကျဆင်းစေလို့ ဖြစ်ပါတယ်။   ဒါကြောင့် သုတေသီတွေက နောက်ထပ်စမ်းသပ်မှုတွေကို လုပ်နေရဆဲ ဖြစ်ပါတယ်။

နွေဦး