ဟံသာဝတီမြို့ရိုးကိုတူးဖော်ရာတွင် ပြအိုးနှစ်လုံးနှင့်မြို့ဝင်ပေါက်ဟုယူဆရသည့် အဆောက်အအုံ အကြွင်း အကျန်များကို တူးဖော်တွေ့ရှိထား

ပဲခူး၊ ရှေးဟောင်းအမွေအနှစ်

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့် သိန္နီတံခါးပေါက်ကို တူးဖော်ဆောင်ရွက် လျက်ရှိပြီး ဟံသာဝတီမြို့ရိုးကို တူးဖော်ရာတွင် ပြအိုးနှစ်လုံးနှင့် မြို့ဝင်ပေါက်ဟုယူဆရသည့် အဆောက် အအုံအကြွင်းအကျန်များကို တူးဖော်တွေ့ရှိထားသော်လည်း သိန္နီတံခါးပေါက်၏ အထောက်အထားများ ပျောက်ဆုံးနေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပဲခူးမြို့တွင် တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ ဟောင်းသည် နှစ်ပေါင်း ၄၅၄ နှစ် သက်တမ်းရှိပြီး စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှု အားနည်း ချက်များနှင့် လူတို့၏ကျူးကျော်ဖျက်ဆီးမှု ဒဏ်များကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အထောက် အထားများမှာ တစ်စတစ်စယိုယွင်းပျက်စီးနေပြီး ဆက်လက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ရှေးဟောင်းအမွေ အနှစ်  မြို့ရိုးနှင့်ကျုံးများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သိရသည်။

ဟံသာဝတီ ရှေးဟောင်းမြို့ရိုးနှင့်ကျုံးများကို ပြန်လည်ဖော်ထုတ်တူးဖော်ခြင်းအားဖြင့် ပြည်သူများအတွက် အပန်းဖြေနေရာတစ်ခုဖန်တီးပေးနိုင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား နောင်လာနောက်သား များ တန်ဖိုးထားတတ်ခြင်း၊ ရှေးခေတ်က မြို့တစ်ခုတည်ရာတွင် မြို့တော်၏ အကာအကွယ်တစ်ခုအပြင် ရေသွင်း၊ ရေထုတ်စနစ်ဆောင်ရွက်နိုင်ရန် ကျုံးကိုထည့်သွင်း တည်ဆောက်ရေးအား သိရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူမြို့နှင့်ပဲခူးမြို့တို့သည် ကျုံးများနှင့်ပတ်လည် ကာရံထားသော ရှေးဟောင်း မြို့တော်ကြီးများပင်ဖြစ်ကြောင်း၊ ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခုအဖြစ် သန့်ရှင်းသာယာ လှပ စေရေး မြို့ရိုးများ၊ ဂိတ်တံခါးပေါက်များ၊ ကျုံးများနှင့် ကျုံးပတ်လမ်းများ ပြန်လည် ဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တူးဖော်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းနှင့် သမိုင်းပညာရှင်များက သိန္နီတံခါး ပေါက်ရှာဖွေတွေ့ရှိမှုအခြေအနေ၊ ပြန်လည်တူးဖော် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို  ရှင်းလင်း တင်ပြသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့် ထွန်းက ဝန်ကြီးချုပ်ထံ ဟံသာဝတီရှေးဟောင်းမြို့ရိုး တူးဖော်မှုကုန်း BGO-4 တူးဖော်မှုလုပ်ငန်း သုတေသန အစီရင်ခံစာစာအုပ်ကို ပေးအပ်ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုကြသည်။

ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့တော်တွင် သိန္နီတံခါးပေါက်သည် အနောက် ဘက်မြို့ရိုး၏ မြောက်ဘက်အကျဆုံး တံခါးပေါက်ဖြစ်သည်။ ပဲခူးမြို့ ဒေသခံပြည်သူများအနေဖြင့် ပဲခူး ပြည်သူ့ဆေးရုံကြီး ရင်ခွဲဆောင်မြောက်ဘက်ရှိ ပြည်တော်သာလမ်းနေရာအား သိန္နီတံခါးပေါက်ဟု အစဉ် အဆက် လက်ခံယုံကြည်ကြသည်။ သို့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အဆိုပါနေရာအား တူးဖော်ကုန်း အမှတ်(၁) BGO-1 ဟု သတ်မှတ်တူးဖော်ခဲ့သည့်အခါ တံခါးပေါက်နှင့် သက်ဆိုင်ရာပြအိုး အစရှိသည်တို့ကို မတွေ့ရှိရဘဲ ၁၄ ဒသမ ၅ မီတာအရှည်ရှိ ပြကလေးတစ်လုံး၏ အကြွင်းအကျန်ကိုသာ တွေ့ရှိရသည့်အတွက် သိန္နီတံခါးပေါက်၏ အထောက်အထားများ ပျောက်ဆုံးလျက်ရှိနေခဲ့သည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တူးဖော်မှုကုန်းအမှတ်-၄ BGO-4 ကို တူးဖော်သုတေသနပြုသည့်အခါ ကျင်းကွက်အမှတ် T40 မှ T45 အတွင်း တံခါးပေါက်ပြအိုးနှစ်လုံးနှင့် မြို့ဝင်ပေါက်ဟုယူဆရသည့် အဆောက် အအုံအကြွင်းအကျန်များကို တူးဖော်တွေ့ရှိကြောင်း သိရသည်။

ယင်းတူးဖော်မှုလုပ်ငန်းများကို ပဲခူးမြို့ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အေးရှားပိကော့ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ တာဝန်ယူ တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                          

(၄၀၁)