ဘုတလင်မြို့နယ်၌ ခရမ်းချဉ်သီးများ ပုံမှန်အထွက်နှုန်းထက်ပိုမိုထွက်ရှိ

ဘုတလင်၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် အုတ်အိုင်ကျေးရွာရှိ တောင်သူဦးငွေထွန်း၏ ခရမ်းချဉ်စိုက်ခင်းကို သဘာဝအားဆေးဖြစ်သည့် ငါးအမိုင်နိုရွက်ဖျန်းမြေသြဇာနှင့် နွားချေးဘိုကာရှီမြေဆွေးတို့ကို အသုံးပြု စိုက်ပျိုးရာ ပုံမှန်အထွက်နှုန်းထက် ခရမ်းချဉ်သီးများ ပိုမိုထွက်ရှိကြောင်း တောင်သူ ဦးငွေထွန်းထံမှ သိရသည်။

ခရမ်းချဉ်ပင်ကို ပျိုးသက် ၁၇ ရက်သားတွင် နွားချေးဘိုကာရှီမြေဆွေးကို မြေခံထား၍ ရေသွင်းစိုက်ပျိုးရပြီး  တစ်ပတ်အကြာတွင် ငါးအမိုင်နိုရွက်ဖျန်းမြေသြဇာကို စတင်ဖျန်းပေးရသည်။ လက်ရှိ အပင်သက်တမ်း သုံးလ အထိ ငါးအမိုင်နိုရွက်ဖျန်းမြေသြဇာကို ၁၀ ရက်လျှင်တစ်ကြိမ် ဖျန်းပေးသည်။

“ခရမ်းချဉ်ကို မြှားနီး ၀၆၇ မျိုး အပင် ၂၄၀၀ စိုက်ပျိုးထားပါတယ်။ နွားချေးဘိုကာရှီမြေဆွေးနဲ့ ငါးအမိုင်နိုရွက် ဖျန်းမြေသြဇာကို သုံးတာအသီးအထွက်နှုန်းက အရင်နှစ်တွေထက် ထက်ဝက်မက ပိုကောင်းလာပါတယ်။ အရင်နှစ်က လက်ရှိအပင်သက်တမ်းကို တစ်ကြိမ်ခူးရင် ပိဿာ ၄၀ ကျော် ၅၀ လောက်ပဲရခဲ့ပါတယ်။ ဒီနှစ် တော့ ခရမ်းချဉ်သီးတစ်ကြိမ်ခူးရင် ပိဿာ ၂၀၀ ကျော် ၃၀၀ လောက်အထိရပါတယ်။ ခရမ်းချဉ်က အပင်သက်တမ်းခြောက်လကျော်အထိထားနိုင်တော့ နောက်ဆိုရင် ပိဿာ ၅၀၀ ကျော်အထိ ခူးရလိမ့်မယ်လို့ မှန်းထားပါတယ်” ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။

ငါးအမိုင်နိုရွက်ဖျန်းမြေသြဇာကို ငါးလေးပေါက်စမျိုးစုံ တစ်ဆ၊ သကာရည်တစ်ဆနှင့်အသင့်သုံး EM တို့ကို ရောနှောမွှေထားပြီး ၄၅ ရက်ကြာလျှင် အသုံးပြုနိုင်ကြောင်း၊ ငါးအမိုင်နိုသဘာဝအားဆေးသည် အပင် ရောဂါခုခံနိုင်မှုနှင့် အသီးအထွက်နှုန်းကို အားကောင်းစေပြီး သွင်းအားစုကုန်ကျစရိတ်လည်း သက်သာစေ သည့်အတွက် တောင်သူများအနေဖြင့် ငါးအမိုင်နိုရွက်ဖျန်းမြေသြဇာနှင့်ဘိုကာရှီမြေဆွေးတို့ကို အသုံးပြုသင့် ကြောင်း မြို့နယ်တောင်သူလယ်သမား အစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရသည်။

အငယ်လေး