ဟန်လင်းဒေသကုန်းတွင်းဆားချက်လုပ်ငန်းလုပ်ကိုင်ရန် စတင်ပြင်ဆင်

ဝက်လက်၊ စီးပွားရေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ တည်ရှိသည့် ဟန်လင်းမြို့ရှိ ကျေးရွာ/ရပ်ကွက်များ တွင် သဘာဝအတိုင်း  ရိုးရာနည်းစနစ်ဖြင့် ဆားချက်လုပ်ငန်းလုပ်ကိုင်ကြရာ ကုန်းတွင်းဆားချက် လုပ်ငန်း ရာသီတွင် ဆားချက်လုပ်ငန်းမှ ပုံမှန်ဝင်ငွေဖော်ဆောင်ပေးလျက်ရှိပြီး လက်ရှိ ကာလဆားချက် လုပ်ငန်း လုပ်ကိုင်ရန်အတွက် မြေစာပျိုးခြင်းလုပ်ငန်း စတင်ပြင်ဆင်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

ဟန်လင်းဒေသ၌ ဆားကို ဆားပေါက်မြေမှသဘာဝနည်းဖြင့် ချက်လုပ်ကြသည်။ ဆားချက်ရန် ပထမဦးစွာ ဆားပေါက်မြေများကို ပေါက်ပြားများဖြင့်ခြစ်ယူကာ စုပုံထားကြသည်။ ထိုသို့ပြုလုပ်ကာ စုပုံထားခြင်းကို ဒေသ အခေါ် မြေစာပျိုးသည်ဟု ခေါ်သည်။

ဆားပေါက်မြေများကို အိမ်ဝိုင်းအတွင်းမှာပင် ရရှိကြသည်။ မြေစာများရပါက ဝါးကိုရွှံ့များဖြင့် ဒယ်အိုး ပုံသဏ္ဌာန်မံကာ ဒယ်အိုး ပုံအလယ်တွင် ဝါးခေါင်း အပေါက်ငယ်ရောက်သည်အထိ တပ်ဆင်ထားကာ ဝါးခေါင်း ပေါက်နေရာတွင် ကောက်ရိုးအနည်းငယ်ထားကာ သဘာဝနည်းအတိုင်း ရေစစ် ပုံစံပြုလုပ်ထားသည်။

ဆားပေါက်မြေစာကို ဒယ်အိုးပုံသဏ္ဌာန်အတွင်းထည့်ကာ အပေါ်မှရေဖြင့်လောင်း ပေးရသည်။ ထိုသို့ပြု လုပ်ပါက ဆားပေါက် မြေမှာ ပျော့သွားပြီး ဆားရည်များ ဝါးပေါက်ငယ်အတွင်းမှထွက်လာသည်။ ဆား ပေါက်မြေထည့်ထားသည့် ရွှံ့ဒယ်အိုးအတွင်း ရေနှစ်အိုးခန့်လောင်းထည့်ပါက ဆားရည်ကြည် တစ်အိုးခန့် ရရှိသည်။ ရရှိသောဆားငန်ရည်ကြည်များကို ဒယ်အတွင်းထည့်ပြီး မီးထိုးကာကျိုးချက်ပေးရသည်။ တစ်နာရီ ခန့်ကြာလာပါက အရည်ခန်းသွားကာ ဆားများ ရရှိသည်။

သွပ်ကန်အတွင်း ဆားငန်ရေကြည်သောက် ရေအိုးရှစ်အိုးခန့်ထည့်ကာ ဆားချက်ပါက ဆားပိဿာချိန် ၂၀ ခန့်ရရှိသည်။ ယမန်နှစ်က ကုန်းတွင်းဆားဈေးကွက်တွင် ဆားတစ်ပိဿာလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ နှုန်းဖြင့် ရောင်းချရသည်။ ဟန်လင်းမြို့၌ အိမ်ဝိုင်းအတွင်းတွင်ပင် ဆားချက်သော ကျေးရွာများစွာရှိသည့်အနက် မင်းရွာကုန်း၊ ကိုးအိမ်ထောင်၊ တောင်ပို၊ မာလာကုန်းတို့မှ မြေများမှာ ဆားအများဆုံးထွက်ရှိကြောင်း သိရသည်။ ဆားချက်လုပ်ငန်းကို ဆောင်းရာသီနှင့်နွေရာသီတွင် အများဆုံးပြုလုပ်ကြပြီး လက်ရှိကာလတွင် ကုန်းတွင်းဆားချက် လုပ်ငန်းပြုလုပ်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

နွေနဒီ၊မြစ်ငယ်