ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးမှုနှင့် တိရစ္ဆာန် အစာအတွက် ထောက်ပံ့ပေးနိုင်

စိုက်ပျိုးရေးကိုအခြေခံသော  မြန်မာနိုင်ငံ၌  စားသုံးရန်ဆီကို  ပြည်ပမှ မှာယူ တင်သွင်းရသည့်နည်းတူ မွေးမြူရေး ကဏ္ဍ တွင် လိုအပ်သော တိရစ္ဆာန်အစာကိုလည်း ပြည်ပမှတင်သွင်းရလျက်ရှိရာ ပြည်တွင်း၌ ဆီထွက် သီးနှံတိုးချဲ့ စိုက်ပျိုး ခြင်းဖြင့်  ပြည်တွင်းစားသုံးမှု ဖူလုံနိုင်သည့်အပြင် လိုအပ်နေသော တိရစ္ဆာန်အစာအတွက်လည်း    အထောက် အပံ့ ရရှိစေမည်ဖြစ်သည်။

ပြည်တွင်း၌   ဆီစားသုံးရန်  နေကြာ၊  မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်း တို့ကို စိုက်ပျိုးပြီး နေကြာ၊ မြေပဲနှင့် နှမ်းကို အများဆုံး စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

ပြည်တွင်း၌ ကျန်းမာရေးနှင့်ညီညွတ်သော ဆီကိုစားသုံးနိုင်ရန် ဆီထွက်သီးနှံများစွာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ တင်သွင်း နေရမှုကိုလျှော့ချနိုင်ပြီး တိရစ္ဆာန်အစာအတွက် လိုအပ်ချက်ကိုလည်း လျှော့ချနိုင်ကာ ပြည်ပသို့ ထွက်ငွေကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ပြည်ပဝင်ငွေကို ငါးမွေးမြူရေးနှင့် ပို့ကုန်ကဏ္ဍမှရရှိလျက်ရှိပြီး ပြည်တွင်း ၌ တိုးမြှင့်ဆောင်ရွက်လာသောမွေးမြူရေး လုပ်ငန်းအတွက် အစာကုန်ကြမ်းမှာ ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်းမှ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးတောင်သူများ  ဝင်ငွေရရှိသည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ  ဟန်ချက်ညီမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက်  အထောက် အပံ့ကောင်းဖြစ်စေသည်။

''ပြည်တွင်းမှာ ပဲပုပ်များများ စိုက်စေချင်တယ်။ ပဲပုပ်က စားသုံးဆီရမယ့်အပြင် တိရစ္ဆာန်အစာလည်း ရမယ်။ ပဲပုပ်က စပါး ထက်တွက်ခြေ ကိုက်တယ်။ မွေးမြူရေးအစာ လိုအပ်ချက်အရ  တစ်နှစ်ကို ပြည်ပကနေ  တန်ချိန်     ကိုးသိန်း တင်သွင်းနေရတယ်။ 

နောင်ဆိုရင် တန်ချိန် ၁၂ သိန်းအထိရှိလာ နိုင်တယ်။ ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ်မှာ ဖော်ဆောင် နေတဲ့  ငါးမွေးမြူရေးဇုန်ကြီးပြီးစီးသွားရင် မွေးမြူရေး အစာလိုအပ်ချက် တစ်ရက်ကို တန်ချိန် ၅ဝဝ အထိလိုလာ လိမ့်မယ်။ ပြည်တွင်းမှာ မရရင် ပြည်ပကတင်သွင်းရမှာဖြစ်လို့ နိုင်ငံအတွက် နစ်နာသလို ဝင်ငွေရမယ့် တောင်သူ တွေလည်း နစ်နာစေတယ်။ ဒါကြောင့် တောင်သူတွေကို မျိုးစေ့၊ နည်းပညာဖြန့်ဖြူးဖို့ လိုမယ်။ ပြီးတော့   ပဲပုပ်ဆီထုတ်လုပ်မယ့်သူလည်းလိုတယ်။ တောင်သူတွေအနေနဲ့ ဆီနဲ့ ပဲပုပ်ဖတ်ရတဲ့ အတွက်  တွက်ခြေကိုက် တယ်။   စိုက်ပျိုးဖို့ ပဲလိုတာပါ။ ငါးအစာမှာ ပဲပုပ်ဖတ်က ၃ဝရာခိုင်နှုန်း အထိပါဝင်တယ်။ ပရိုတိန်း ပါဝင်မှု လည်းမြင့် တယ်။  ဒါကြောင့်   ပြည်တွင်းမှာ   ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးဖို့ လိုအပ်တယ်'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်ကပြောသည်။

ပဲပိစပ်တန်ချိန်  နှစ်သောင်းခန့်  တင်ဆောင်လာသည့် YM SUMMIT ပင်လယ်ကူးသင်္ဘောသည် ဒီဇင်ဘာ ၁၁  ရက်က ရန်ကုန်တိုင်း ဒေသကြီး  ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းရှိ International Bulk Terminal Thilawa (IBTT)သို့ ဆိုက်ကပ်ခဲ့သည်။ ထိုသို့ ပြည်ပမှ  နှစ်စဉ် တင်သွင်းနေရ၍  ပြည်တွင်း၌  စိုက်ပျိုး ထုတ် လုပ်ရန်  လိုအပ်လာခြင်း ဖြစ်သည်။

''ပဲပုပ်ကို ကျွန်တော်တို့ နိုင်ငံက ထိုင်းနိုင်ငံလို နှစ်နှစ်ခြိုက်ခြိုက် စားသုံးတာတော့ မရှိဘူး။ ပဲငါးပိနဲ့ ပဲပုပ်တော့ စားကြ တယ်။ အများစု စားသုံးကြတာက မြေပဲဆီ၊ နှမ်းဆီနဲ့ နေကြာဆီပါ။ ဒီနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်လေးလုံးမှာ နေကြာဧက ၄ဝဝ စိုက်ထားတာ ရှိပါတယ်။ ပဲပုပ်နဲ့ နေကြာက တိရစ္ဆာန်အစာ အတွက်လည်း  ရတယ်။ မွေးမြူရေးအစာကို ပြည်ပကတင်သွင်းရ တဲ့အကြောင်းရင်းက ပြည်တွင်းမှာ ဆီထွက် သီးနှံစိုက်ပျိုးထုတ် လုပ်မှု နည်းလို့ပါ။ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများရင် နိုင်ငံတော်၊ တောင်သူနဲ့ စားသုံးသူတွေ အကျိုးခံစား ရမယ်။ ပြီးတော့ ပြည်တွင်းမှာ မွေးမြူ ရေးအစာ ဖောဖောသီသီ ရလိမ့်မယ်။ ပြုပြင်ပြောင်းလဲဖို့တော့ လိုပါတယ်'' ဟု   မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၌  ဆီစက်ပေါင်း ၃၁၅၄ ခုရှိရာ ဆီစက် ၂ဝဝ ကျော်သာ လည်ပတ်လျက်ရှိပြီး ဆီထွက် သီးနှံစိုက်ပျိုး မှုနည်းသောကြောင့် ထွက်ရှိသောဆီကို ဈေးနှုန်းမြင့်စွာဝယ်ယူစားသုံးနေရ၍ ဈေးနှုန်းသက် သာသော စားအုန်းဆီကို ယနေ့ တိုင်စားသုံးနေရခြင်းဖြစ်သည်။ တောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးမှု နည်းခြင်း မှာ စပါးတစ်ဧကလျှင်  ငွေကျပ် နှစ်သိန်းခန့် ရင်းနှီးရပြီး မြေပဲစိုက်ပါက ငွေကျပ်သုံးသိန်းခွဲခန့် ရင်းနှီးရ၍ ရင်းနှီးငွေမြင့်မားခြင်း၊ စပါး မျိုးကောင်းမျိုးသန့်ထုတ်လုပ်နေချိန်တွင်မြေပဲမှာ မျိုးကောင်းမျိုးသန့် မရှိ၍ ထွက် နှုန်းအာ မခံချက် မရှိခြင်း၊  နည်းပညာနှင့်   စက်ကိရိယာရင်းနှီးမြှုပ်နှံမှု မတတ်နိုင်ခြင်း တို့ကြောင့် ပြည်တွင်း ဆီထွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု လျော့ကျခြင်းဖြစ်သည်။

ပြည်တွင်း၌ ဆီထွက် သီးနှံတိုးချဲ့ စိုက်ပျိုး ရန်လိုအပ်ခြင်းနှင့် ပြည်ပမှ စားအုန်းဆီကို မှီခိုခြင်းကြောင့် ပြည်တွင်း၌ ဆီထွက်သီးနှံ စိုက်ပျိုးမှုလျော့နည်းပြီး ပြည်ပမှ မွေးမြူ ရေးအစာများ တင်သွင်းနေရခြင်းဖြစ်သည်။ ၁၉၉ဝ   ပြည့်နှစ်တွင် ပြည်ပမှ  စားအုန်းဆီ  တန်ချိန် ၇ဝဝဝ စတင်တင်သွင်းခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင်  တန်ချိန် ခုနစ် သောင်းခွဲ တင်သွင်း ရလျက်ရှိသည်။ အများစုမှာ စားအုန်းဆီကို အမှီပြုနေရသည့်အတွက် ပြည်တွင်းဆီထွက် သီးနှံ စိုက်ပျိုးမှု မှေးမှိန်ခဲ့ပြီး ကျန်းမာရေး သက်ရောက်မှု တွေ့ကြုံရကာ ပြည်တွင်းဆီစက်များ ပြည့်ဝစွာ လည်ပတ် မှု မရှိသောကြောင့် မွေးမြူရေး အစာအတွက် ပြည်ပမှ နှစ်စဉ် ပဲပုပ်ဖတ် တင်သွင်းနေရခြင်းဖြစ်သည်။ ထိုသို့တင် သွင်း ရမှုကြောင့်   ပြည်တွင်း၌  သား၊  ငါးဈေးကျဆင်းမှု မရှိဘဲ အားလုံးစားသုံးနိုင်မှု မရှိသည့်အတွက်   ပရိုတိန်း ဓာတ် လိုအပ်မှုဖြင့် ကျန်းမာ သန်စွမ်းမှုကို အဟန့်အတားဖြစ်စေကြောင်း ဦးခင်စိုးက ဆက်လက်ပြော သည်။ နေကြာ၊ နှမ်းနှင့် မြေပဲသည် ရက် ၉ဝမှ ၁၂ဝကြားသာ စိုက်ပျိုးရသောကြောင့်  နှစ်ရှည်သီးနှံ မဟုတ်ဘဲ  အချိန်ကြာ မြင့်စွာ ရင်းနှီးမြှုပ်နှံရန် မလိုသည့်အတွက် ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုဖြင့် ဝင်ငွေ ပိုမိုရရှိ မည်ဖြစ်သည်။  အိန္ဒိယ၊ တရုတ်၊ တရုတ် (တိုင်ပေ)နှင့်   ဗီယက်နမ်နိုင်ငံကဲ့သို့  ကောက်ပဲသီးနှံတွင် တက္ကသိုလ် (Institution) မှ မျိုးရိုးဗီဇ သင်တန်း၊ နည်းပညာ သင်တန်း၊  မြေ၊ ရေအသုံးချ သင်တန်း၊  ကောက်ပဲသီးနှံအလိုက် စက်ပစ္စည်း ကိရိယာ ထုတ်လုပ်သင်တန်း၊ မြေသြဇာနှင့် ပိုးသတ်ဆေး သင်တန်း၊ သီးနှံသိုလှောင် ထိန်းသိမ်း အခြောက်ခံခြင်း နည်းပညာသင်တန်းအပါ အဝင်  သင်တန်းပေါင်း ၁၇ မျိုးကို  ထို  Institution များမှ နှစ်စဉ် ကျောင်းသား   ၅ဝဝ  ခန့်ကို  နှစ်နှစ်ကြာသင်တန်းပေး၍ ကျေးလက်များသို့ ဆင်းကာ ထွန်ယက်ချိန်၊  စိုက်ပျိုးချိန်၊ မြေသြဇာသွင်းချိန်၊   ပိုးသတ်ဆေး အသုံးပြုချိန်နှင့် ရိတ်သိမ်းချိန်တို့တွင်  ဆင့်ပွား သင်တန်းများ ပို့ချခြင်းဖြင့် စိုက်ပျိုး ရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိ သည်။

တရုတ်နိုင်ငံနှင့် တရုတ်(တိုင်ပေ)၌ မြေပဲ တစ်ဧကလျှင် တင်း ၁၅ဝ၊ အိန္ဒိယနိုင်ငံ၌ တင်း ၉ဝ၊ ဗီယက်နမ်နိုင်ငံ၌  တင်း ၈ဝ ထွက်ရှိပြီး  မြန်မာနိုင်ငံ၌  ၃၅ တင်းသာ ထွက်ရှိသောကြောင့်  ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် ကဏ္ဍတွင် နည်းပညာ လိုအပ်ချက် ရှိနေသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးမြေဧက သန်း၂ဝခန့် ရှိသောကြောင့်   တစ်နှစ် လျှင် တစ်ဧက အမေရိကန်ဒေါ်လာ ၂ဝဝ ရရှိပါက စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန် ဒေါ်လာသန်း ၄ဝဝဝ ခန့်ရရှိ မည်ဖြစ် သည်။ ရေခံမြေခံကောင်းသော နိုင်ငံအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ထက်  ပြည်ပမှ  ဝယ်ယူ စားသုံးခြင်းသည်  နိုင်ငံတော်နှင့် တောင်သူအတွက် နစ်နာစေ သည်။ ထိုသို့ ပြည်တွင်း၌ ဆီထွက် သီးနှံ  တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း ဝင်ငွေရရှိပြီး ပြည်ပထွက် ငွေလျော့ကျကာ စိုက်ပျိုး တောင်သူများ    လူမှုစီးပွား ဖွံ့ဖြိုးလျက် ပြည်ပဝင်ငွေရရှိနေသော မွေးမြူရေး လုပ်ငန်း အတွက်လည်း တိရစ္ဆာန် အစာကို အထောက်အပံ့ဖြစ် စေမည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။   ။